
ယူကရိန်းတန်ပြန်ထိုးစစ်က ရုရှားအတွက် အလွန်ဆိုးရွားသော အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ဧပြီ ၃၀ ရက်တွင် ရုရှားကြေးစားစစ်အုပ်စု ဝက်ဂနာ၏အကြီးအကဲက သတိပေးလိုက်ပြီး ၎င်း၏ ဝက်ဂနာတိုက်ခိုက်ရေးသမားများသည် ခဲယမ်းပြတ်လပ်နေသည်ဟု ပြောကြားသည်။
ဝက်ဂနာသည်တိုက်ပွဲဖြစ်ပွားရာ အဓိကနေရာဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှားတိုက်ခိုက်မှုအား ဦးဆောင်ပြုလုပ်နေသည်မှာ လပေါင်းများစွာရှိ ကြာပြီဖြစ်သည်။
ပရီဂိုဇနီသည် သမ္မတဗလာဒီမာပူတင်၏ မဟာမိတ်ဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် အာဏာအားပြိုင်ရာတွင် ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီဝက်ဂနာ၏အကြီးအကဲအဖြစ် ပါဝင်ပတ်သက်နေသူဖြစ်သည်။
“ ကျွန်တော်တို့ လိုအပ်နေတဲ့ လက်နက်ကြီးကျည်ဆန်တွေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်တို့မှာရှိပါတယ်”ဟု ၎င်းက ပြောကြားပြီး ရုရှားစစ်တပ်၏ ခေါင်းဆောင်ပိုင်းကို အပြစ်တင်ခဲ့သည်။
ရုရှားလိုလားသော စစ်သတင်းထောက် ဆမ်ယွန်ပီဂါ့နှင့် အင်တာဗျူရာတွင် ပရီဂိုဇနီ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီတန်ပြန်ထိုးစစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဆိုးရွားတဲ့အနေအထားတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မျှော်မှန်းထားသည်မှာ ကြာပြီဖြစ်သော တန်ပြန်ထိုးစစ်အတွက် မိမိတို့ ပြင်ဆင်မှုများကို အချောသတ်လိုက်ပြီဟု ယူကရိန်းက မကြာသေးမီက ပြောကြားသည်။
ယူကရိန်းက နယ်စပ်ရွာတစ်ရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လူလေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဧပြီ ၃၀ ရက်တွင် ရုရှားအရှေ့ပိုင်း ဘရိုင်ယန်စ်ဒေသ၏ အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။
အစောပိုင်းတစ်ရက်တွင် ဒရုန်းဟုယူဆရသောအရာတစ်ခုက ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားရှိ လောင်စာသိုလှောင်ရာနေရာကို ထိမှန်ခဲ့သည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်ဟု ယူဆရသော ထိုးစစ်မတိုင်မီ ရုရှားစစ်တပ်သည် ထောက်ပံ့ပို့ဆောင်ရေးတွင် ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးကို ဧပြီ ၃၀ ရက်တွင် အစားထိုးလိုက်ကြောင်း သိရသည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ရုရှားတပ်များ သိမ်းပိုက်ခဲ့သော ယူကရိန်းဆိပ်ကမ်းမြို့ကြီး မာရူပိုးလ်ကို သိမ်းရာတွင် ပါဝင်ခဲ့သည့်အတွက် ဗြိတိန်ပိတ်ဆို့ထားသော Colonel General မစ်ခေးလ်မီဇင်ဆက်ဗ်ကို ဖယ်ရှားမည်ဆိုသည့် ကောလာဟလများ ရက်ပေါင်းများစွာ ထွက်ပေါ်ခဲ့ပြီးနောက် ရုရှားကာကွယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမျိုးသားအစောင့်တပ်မှ တာဝန်ရှိသူဟောင်းဖြစ်သော အလက်ဆီကူဇမန်ကော့က မီဇင်ဆက်ဗ်နေရာကို အစားဝင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကူဇမန်ကော့ကို စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးအတွက် တာဝန်ယူရတဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး ရာထူးအတွက် ခန့်ထားလိုက်ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးတာဝန်ထမ်းဆောင်သည်မှာ ခုနစ်လမျှသာရှိသေးသော မီဇင်ဆက်ဗ်ကို ဖယ်ရှားရသည့်အကြောင်းအား ဖော်ပြခြင်းမရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်