
ဖိလစ်ပိုင်ကို စစ်ရေးလှုပ်ရှားမှုများအတွက် ခြေကုပ်နေရာတစ်ခု အဖြစ်ခံမည်မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က မေ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဒေသတွင်း၌ တရုတ်၏ သြဇာချဲ့ထွင်လာခြင်းကို တန်ပြန်ရန် မဟာမိတ်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဖိလစ်ပိုင်တို့ကကြိုးပမ်းလျက်ရှိပြီး မကြာသေးမီက ဖိလစ်ပိုင်သည် နောက်ထပ်စစ်အခြေစိုက်စခန်း လေးခုကို အမေရိကန်အား အသုံးပြုခွင့်ပေးခဲ့သည်။
“တခြားနိုင်ငံတစ်နိုင်ငံရဲ့ ရန်လိုတဲ့ဘယ်လိုလုပ်ရပ်မျိုးကိုမှ မိမိတို့အနေနဲ့ အားပေးမှာမဟုတ်ပါဘူး” ဟု ၀ါရှင်တန်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မားကို့စ်က ပြောကြားခဲ့သည်။
“ဖိလစ်ပိုင်ကိုလည်း ဘယ်လိုစစ်ရေးလှုပ်ရှားမှုမျိုးအတွက်မှ ခြေကုပ်နေရာအဖြစ် အ သုံးပြုခွင့်ပေးမှာမဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်ဒေသတွင် အန္တရာယ်ရှိသော ရန်လိုသည့် လုပ်ရပ်များကို ရပ်တန့်ရန် အမေရိကန်က တရုတ်ကို တိုက်တွန်းခဲ့ပြီးနောက်တွင် မားကို့စ်၏ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဧပြီ ၂၃ ရက်က စပရက်တလေကျွန်းစု၏ ကမ်းလွန်တွင် ဂျာနယ်လစ်များလိုက်ပါလာသည့် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောတစ်စင်းကပိတ်ဆို့ရာတွင် သင်္ဘောချင်းတိုက်မိ လုနီးပါးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ယင်းဖြစ်စဉ်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်နယ်နိမိတ်များတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့သည့် ဖြစ်စဉ်များအနက်မှ လတ်တလောဖြစ်စဉ်လည်း ဖြစ်သည်။
ဧပြီ ၂၃ ရက် ဖြစ်စဉ်သည် သင်္ဘောချင်းဝင်တိုက်လုနီးပါးဖြစ်ခဲ့ကာ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများ ဖြစ်စေနိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိမိတို့ မုချရှောင်လွှဲလိုသည့် ဖြစ်စဉ်မျိုးဖြစ်သည်ဟု မားကို့စ်က ပြောကြား ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ အိမ်တော်က သတင်းထုတ်ပြန်ခဲ့သည်။
လေးရက်ကြာမြင့်မည့် အမေရိကန် ခရီးစဉ်အတွင်း မားကို့စ်သည် မေ ၁ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် နှစ်နိုင်ငံအကျိုးစီးပွားများ တိုးတက်ဖြစ်ထွန်းစေရန်နှင့် အလွန်အရေးပါသော မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအားကောင်း အောင် လုပ်ဆောင်ရာတွင် ပဓာနကျသည်ဟု မားကို့စ်က ပြောကြားခဲ့သည်။
စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးမှသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အပေါ် ထိခိုက်မှုနှင့် စီးပွားရေးအရ အကျပ်ကိုင်မှုကဲ့သို့သော စီးပွားရေးအပေါ် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေး အပါ အဝင် နယ်ပယ်အသီးသီးတွင် ထိတွေ့ဆက်ဆံမှုများ ပိုမိုခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် ဖိလစ်ပိုင်က ဆန္ဒရှိကြောင်း သမ္မတဘိုင်ဒင်ကို သတင်းစကားပါးမည်ဟု အမေရိကန်သို့ မထွက်ခွာမီတွင် မားကို့စ်က ပြောကြားခဲ့သည်။
EDCA ဟုအမည်ရသော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်အရ အမေရိကန်သည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရာတွင် ဖိလစ်ပိုင်ရှိ စစ်စခန်းကိုးခုကို အသုံးပြုခွင့်ရှိပြီး စစ်လက်နက်ပစ္စည်းများကိုလည်း ဖြန့်ကြက်ချထားခွင့်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်