Top News

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်
24htopnews | January 14, 2025 8:12 PM CST

◘ ဘရန့်ဖို့ဒ် - မန်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂းဝ၀ နာရီ)

မန်စီးတီးအသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရလဒ် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမယ်။ ဘရန့်ဖို့ဒ်ကလည်း အိမ်ကွင်းမှာ နိုင်ပွဲတွေ ဆက်တိုက်ယူနေရာက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၂ ပွဲမှာတော့ နော်တင်ဟမ်နဲ့ အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တယ်။ မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲရပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လုနီးပါး ဖြစ်လာတယ်။ ဒါပေမဲ့ မန်စီးတီးအနိုင်ရခဲ့တဲ့ လက်စတာ၊ ဝက်စ်ဟမ်းတို့က ခြေစွမ်းကျဆင်း၊ ရလဒ်တွေယိမ်းယိုင်နေတဲ့အသင်းတွေ ဖြစ်နေတယ်။ ဘရန့်ဖို့ဒ်ကိုယ်တိုင်လည်း အကောင်းဆုံးအချိန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ဂိုးပြတ်အနိုင်ရထားတယ်။ မန်စီးတီး သရေပြန်ဖြစ်သွားနိုင်တယ်။

◘ ချယ်လ်ဆီး - ဘုန်းမောက် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂းဝ၀ နာရီ)

ဘုန်းမောက်က လက်ရှိပရီးမီးယားလိဂ်မှာ တော်တော်လေးတည်ငြိမ်ပြီး စနစ်ကျတဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းလို့ ပြောရမယ်။ ရလဒ်ကောင်းသလို၊ ကစားတဲ့ ခြေစွမ်းကလည်း စနစ်ကျတယ်။ အိမ်ကွင်းမှာရော၊ အဝေးကွင်းမှာပါ ကိုယ်ပိုင်ဟန်ကို ပြသနိုင်တယ်။ ခံစစ်ကစားပုံက ချယ်လ်ဆီးထက် ပိုစိတ်ချရပြီး အသင်းလိုက်ဟန်ချက်လည်း တော်တော်လေးအားကောင်းတာ တွေ့ရတယ်။ ချယ်လ်ဆီးကတော့ ရလဒ်တွေ ဆက်တိုက်ကောင်းနေပြီးမှ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက် တိုက်နိုင်ပွဲပျောက်ခဲ့တယ်။ ၄ ပွဲမှာ ၂ မှတ်ပဲ ရခဲ့တယ်။ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ ကြိုးစားရမှာဖြစ်ပြီး အခု အိမ်ကွင်းပွဲမှာ နိုင်ပွဲယူဖို့ ပြင်ဆင်ထားလိမ့်မယ်။ ချယ်လ်ဆီး နိုင်ဖို့များပါတယ်။ ဒါပေမဲ့ ၂-၁ လောက်ပဲ ဖြစ်မယ်။

◘ ဝက်စ်ဟမ်း - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂းဝ၀ နာရီ)

ဝက်စ်ဟမ်းက နည်းပြသစ် ဂရေဟမ်ပေါ်တာနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက်ကစားရမယ်။ ဝက်စ်ဟမ်းကို ပိုကောင်းတဲ့ပုံစံနဲ့ မြင်တွေ့ရနိုင်တယ်။ ဖူလ်ဟမ်ကလည်း နိုင်ပွဲတော့နည်းပေမဲ့ သူတို့ကိုလည်း အနိုင်ယူရတာခက်တယ်။ သရေလောက်ပဲ ဖြစ်မယ်။

◘ နော်တင်ဟမ်ဖောရက်စ် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှုံးပွဲတစ်ပွဲပဲ တွေ့ခဲ့ပြီး အဲဒီပွဲက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးခဲ့တာဖြစ်တယ်။ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ ရှုံးခဲ့တာဖြစ်ပြီး နော်တင်ဟမ်က မှန်ကန်တဲ့ နည်းဗျူဟာ၊ အားကောင်းတဲ့ စိတ်ဓာတ်တွေနဲ့ လီဗာပူးလ်ကို အလဲထိုးသွားခဲ့တယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ရလဒ်ပိုင်းတွေကို ကြည့်ရင်လည်း နောက်ဆုံးပွဲတွေမှာ ဆက်တိုက် နိုင်ပွဲတွေယူခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲမှာ ဘရန့်ဖို့ဒ်၊ စပါး၊ အဲဗာတန်၊ ဝုလ်ဗ်တို့လို အသင်းတွေကို ပေးဂိုးမရှိဘဲ Clean Sheet တွေနဲ့ ဆက်တိုက်အနိုင်ယူခဲ့တယ်။ ဒီလိုရလဒ်မျိုးက အသင်းကြီးတစ်သင်းတောင် ယူဖို့မလွယ်တဲ့ ရလဒ်မျိုးဖြစ်ပြီး ဒါကြောင့်လည်း အမှတ်ပေးဇယား တတိယနေရာမှာ ထိုက်ထိုက်တန်တန် ရပ်တည်နေတာဖြစ်တယ်။ လီဗာပူးလ်က နော်တင်ဟမ်ကို မဖြစ်မနေ အနိုင်ပြန်ကစားဖို့ ကြိုးစားမှာ သေချာပါတယ်။ နော်တင်ဟမ်ထက် ပိုကောင်းတဲ့ လူအင်အားနဲ့ ပိုထက်မြက်တဲ့ တိုက်စစ်လည်းရှိတာ မှန်တယ်။ ဒါပေမဲ့ ဒီပွဲက

လွယ်လွယ်ကူကူ အနိုင်ရမယ့်ပွဲမျိုးတော့ မဖြစ်နိုင်ဘူး။ နော်တင်ဟမ် စိတ်ဓာတ်ကောင်းပုံနဲ့ဆို သရေတောင်ကျသွားနိုင်တယ်။


READ NEXT
Cancel OK