
လူမှုဖူလုံရေးစီမံကိန်းအရ ပြည်ပရောက် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ အပြည့်အဝရရှိစေရန် နှစ်နိုင်ငံလက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့သည်။
လူမှုဖူလုံရေးစီမံကိန်းအရ ပြည်ပတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ အပြည့်အဝရရှိစေရန် နှစ်နိုင်ငံသဘောတူညီချက်တစ်ရပ်ကို မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့နှင့် လက်မှတ်ရေးထိုးရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်မှတ်ရေးထိုးပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
“တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အာမခံလုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ Provider Purchaser Split (PPS) စနစ်ကို အကောင်အထည်ဖော်ဖို့ Pilot စီမံကိန်းကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ခဲ့ရာမှာ ယခုဆိုရင် Pilot ဆေးခန်း ခုနစ်ခန်းကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ၎င်းအပြင် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်သွားသွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ “လူမှုဖူလုံရေးစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မ ကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနဲ့ အလုပ်တွင် ထိခိုက်မှုတို့အတွက် ငွေကြေးအကျိုး ခံစားမှုများ ခွင့်ပြုထုတ်ပေးရန်ဖြစ်ပြီး အလုပ်သမားများရဲ့ ကျန်းမာရေးနဲ့ လူမှုရေး လိုအပ်ချက်တွေကို အလုပ်ရှင်၊ အလုပ်သမားနဲ့ နိုင်ငံတော်က စုပေါင်းအာမခံထားပြီး ဥပဒေနဲ့အညီ ဖြည့်ဆည်းပေးခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ အလုပ်သမားများရဲ့ လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုမိုခံစားရမှာဖြစ်သလို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ၏ အားကိုးအားထားပြုရသည့် ဌာနဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သည့် အရည်အသွေးပြည့်မီသည့် ဆေးကုသမှု ဝန်ဆောင်မှုများကို ယခုထက်ပိုမို ထိရောက်အောင်ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ပြုပြင်ပြောင်းလဲမှု ၄ ရပ်ကို ILO အပြင်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၏ နည်းပညာအကူအညီရယူပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေး စီမံကိန်းကို မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိ အကျုံးဝင် အာမခံအလုပ်သမားပေါင်း ၁ ဒသမ ၄၃ သန်း၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်တွေကို အလုပ်သမားဆေးရုံကြီး သုံးရုံ၊ ရုံးခွဲပေါင်း ၇၈ ရုံး၊ မြို့နယ်ဆေးခန်းပေါင်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၈ ခန်း ၊ လူမှုဖူလုံရေး ကဲလ်ဆေးခန်းငါးခန်း၊ တိုင်းရင်းဆေးကုခန်း ၁ ခန်း၊ Provider Purchaser Split (PPS) ဖြင့် စမ်းသပ်ဆောင်ရွက်သည့် ဆေးခန်းခုနစ်ခန်းတို့အပြင် ရွှေ့လျားဆေးကုသယာဉ်နှစ်စီးတို့နှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်