Top News

ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝက်သက်ရောဂါဖြစ်ပွားနှုန်း ၃၉၆၅ ဦးရှိခဲဲ့ပြီး ယင်းထဲမှ ရာခိုင်နှုန်း ၃၀ နီးပါးသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ဟုဆို
24htopnews | January 14, 2025 8:12 PM CST

ယခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝက်သက်ရောဂါဖြစ်ပွားသူ ၃၉၆၅ ဦးရှိပြီး ယင်းထဲမှ ရာခိုင်နှုန်း ၃၀ နီး ပါး (၁၀၆၆ ဦး) သည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“၂၀၁၇ ခုနှစ်မှာ ဝက်သက်ရောဂါကပ် အသွင်ဖြစ်ပွားမှုက ၂၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်မတို့ကအကြိမ်နဲ့ ပြောနိုင်ပါတယ်။ ဆိုလိုတာက ဝက်သက်ရောဂါ ဖြစ်ပွားမှုကအရမ်းများခဲ့ပါတယ်။ ဖြစ်ပွားမှုအစုအစုကို အကြိမ်နဲ့ ပြောခြင်းဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ်မှာ အကြိမ်ရေနဲ့ပြောလို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်ပွားနှုန်းအရမ်းများတဲ့အတွက် ကျွန်မတို့ ဦးရေနဲ့ပဲ ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘယ်နှယောက် ဖြစ်ခဲ့လဲဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဖြစ်ပွားမှုစုစုပေါင်း ၁၃၈၉ ဦး ရှိပါတယ်။ ဒါ ဓာတ်ခွဲခန်းရဲ့ အဖြေပေါ့။ အဲဒီလိုမဟုတ်ဘဲ ရပ်ကွက်ထဲမှာ ဖျားပြီး အနီစက်ထွက်တယ်။ ပြီးတော့ကောင်းသွားတယ်။ အဲလိုလူမျိုးတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဓာတ်ခွဲခန်းရဲ့ အတည်ပြုချက်အရ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ၁၃၈၉ ဦးရှိပြီး အဲဒီထဲကမှ  ရာခိုင်နှုန်း ၅၀ နီးပါး ၆၆၃ ဦးက ရန်ကုန်တိုင်းကပဲဖြစ်ပါတယ်။ ဆက်ပြီးတော့ဖြစ်ပါတယ် ၂၀၁၉ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအထိ Case တွေက ဆက်ရှိပါတယ်။ အဲဒီလိုရှိခဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ဝက်သက်ရောဂါဖြစ်ပွားမှုနှုန်းက ၃၉၆၅ ဦးရှိပါတယ်။ များပါတယ်။ မြန်မာတစ်နိုင်ငံလုံး Date ဖြစ်ပါတယ်။ အဲဒီထဲကမှ ရာခိုင်နှုန်း ၃၀ နီးပါး ၁၀၆၆ ဦးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က ပြောကြားသည်။

၂၀၁၈ နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ နှစ်ဦးပိုင်းတွင် ဝက်သက်ရောဂါဖြစ်ပွားမှုများပြားခဲ့ပြီး ယင်းဖြစ်ပွားမှုအား ပြန်လည်သုံးသပ်ကြည့်ပါက ဖြစ်ပွားသူဦးရေ၏ ထက်ဝက်ကျော်သည် ရန်ကုန်မှဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၂၃၄ မြို့နယ်တွင် အသက်ကိုးလမှ ခြောက်နှစ်ခွဲ အရွယ်ကလေးများအား ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယခုနှစ် နိုဝင်ဘာ ၂၆ မှ ၂၈ ရက်အထိ ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအား ကလေးအသက် ကိုးလတွင်တစ်ကြိမ် အသက် ၁၈ လတွင်တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးအနေဖြင့်ထိုးနှံပေးနေသည်။

၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ဝက်သက်ရောဂါဖြစ်ပွားသူစုစုပေါင်း ၁၃၈၉ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၆၆၃ ဦး (တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း) ဖြစ်ခဲ့ပြီး ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ပုံမှန်ကာကွယ်ဆေးထိုးလုပ် ငန်းတွင် ၉၀ ရာခိုင်နှုန်းအောက်သာ နှစ်စဉ်ရရှိခဲ့ခြင်းနှင့် အစုလိုက်ကာကွယ်ဆေးထိုးလုပ်ငန်း ၂၀၁၇ တွင် ၈၅ ရာခိုင်နှုန်းသာရရှိခဲ့ ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ဝက်သက်ရောဂါသည် ဝက်သက်ရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အလွန်ကူးစက်မြန်သော ရောဂါတစ်မျိုးဖြစ်ကာ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ပြင်းထန်အရည်ခန်းခြောက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောက်ရောဂါများနှင့် ပြင်းထန်အာဟာရချို့တဲ့ရောဂါများဖြစ်ပွားနိုင်ပြီး သေဆုံးနိုင်ကြောင်း၊ ဂျိုက်သိုးရောဂါသည် ဝက်သက်ကဲ့သို့ မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်များရောဂါကူးစက်ပါက ကိုယ်ဝန်ပျက်ကျနိုင်ကြောင်း သိရသည်။              

 

 


READ NEXT
Cancel OK