Top News

ဖျာပုံကျားဖောင်လုပ်ငန်းများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာရှိနေပြီး အရေးတကြီးထိန်းချုပ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အကြံပြု
24htopnews | January 14, 2025 8:12 PM CST

ဖျာပုံကျားဖောင်လုပ်ငန်းများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာရှိနေပြီး အရေးတကြီးထိန်းချုပ်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖျာပုံပင်လယ်ပြင်တွင်ရှိသည့် ကျားဖောင်လုပ်ငန်းများအား ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင် ဖျာပုံကျားဖောင်လုပ်ငန်းများ၌ တရားဝင်လုပ်ငန်းရှင် ဦးရေထက် တရားမဝင်လုပ်ငန်းရှင်ဦးရေမှာ ၆ ဆခန့် ပိုမိုများပြားနေပြီး တရားဝင်မှတ်ပုံတင် ရေလုပ်သားဦးရေ ၄၀၀ ကျော်ထက်လည်း တရားမဝင်ရေလုပ်သားဦးရေမှာအဆ မတန်များပြားစွာ လုပ်ကိုင်နေကြကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အဆိုပါ ကျားဖောင်လုပ်ငန်းများ၌ လုပ်ငန်းရှင်များသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် အားနည်းသည့်အပြင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများကလည်း ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်ရန် အားနည်းနေခြင်း၊ လုပ်ငန်းကျယ်ပြန့်တိုးတက်လာခြင်းကြောင့် လုပ်သားလိုအပ်ချက် များပြားလာခဲ့သော်လည်း ဒေသတွင်း လုပ်သားရှားပါးသဖြင့် ပွဲစားများ လာရောက်ပို့ဆောင်သော အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများကို စနစ်တကျ စိစစ်ခြင်းမရှိဘဲ ငှားရမ်းဆောင်ရွက်ခဲ့ရာ ယင်းကြောင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရသည့် အခြေအနေများ ပေါ်ပေါက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူပင် အဆိုပါ ကျားဖောင်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေသည့် လုပ်သားအများစုမှာ ပညာအရည်အချင်းနည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ မိသားစုအတွက် ငွေကြေးလိုအပ်ချက်ရှိသူများဖြစ်ပြီး ၎င်းတို့သည် လုပ်ငန်းခွင်ကြမ်းတမ်းမှုအား မသိနားမလည်ခဲ့ဘဲ ပွဲစားများ၏ စည်းရုံးပြောဆိုမှုများကို ယုံကြည်ကာ လုပ်သားငှားရမ်းစာချုပ်များ၊ ငွေပေးငွေယူစာချုပ်များတွင် အလွယ်တကူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကမ်းခြေမှ ရေမိုင် ၃ဝကျော်တွင် လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ခြင်းနှင့် ယင်းလုပ်ငန်း လုပ်ဆောင်မှုများအား အချိန်လုလုပ်ကိုင်ရခြင်းများကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်များကို လုပ်သားများခံနိုင်ရည်မရှိဘဲကျန်းမာရေး ချို့တဲ့နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းသို့ ကျန်းမာရေးချို့တဲ့လာခြင်းကြောင့် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိသည့် လုပ်သားများအား ဆဲဆိုကြိမ်းမောင်ခြင်း၊ ရိုက်နှက်ညှဉ်းပန်း ခိုင်းစေခြင်းများ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရပြီး အချို့သော ရေလုပ်သားများမှာ ပျောက်ဆုံး၊ သေဆုံးသွားကြောင်း စသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆေးတွေ့ရှိမှုများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိန်းကွပ်မှုအားနည်းစွာ လုပ်ကိုင်နေသည့် ကျားဖောင်လုပ်ငန်း အပါအဝင် ငါးပုစွန်ဖမ်းဆီးခြင်း လုပ်ငန်းများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာ့ပင်လယ်ပြင်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ငန်းများကို အရေးတကြီး လျင်မြန်စွာတားဆီး ကာကွယ်ဆောင်ရွက်နိုင်ရေး၊ ကျားဖောင်လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေလုပ် ထုံးလုပ်နည်းများ အမြန်ဆုံးပြဋ္ဌာန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အကြံပြုထားကြောင်း သိရသည်။

ယင်းအပြင်  စစ်ဆေးသည့်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်၍ တရားမဝင်ငါးဖမ်းရေယာဉ်၊ ကျားဖောင်နှင့် ရေလုပ်သားများကို စိစစ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေး၊ သက်ဆိုင်သည့်ဌာနများတွင် ဝန်ထမ်းများ တိုးချဲ့ခန့်ထားရေး၊ ရေယာဉ်အပါအဝင် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ တိုးချဲ့ထားရှိရေး၊ ရေလုပ်သားများအား လုပ်ငန်းမဝင်မီလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးဆေးစစ်ခြင်း၊ ကွင်းဆင်းလေ့ကျင့်ခြင်း၊ ရေလုပ်သားအသိအမှတ်ပြုကတ်ပြားထုတ်ပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ကို အစိုးရဌာနအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် စနစ်တကျ ချုပ်ဆိုစေခြင်းနှင့် လုပ်ငန်းရာသီကုန်ဆုံး၍ ပြန်လာသောရေလုပ်သားများ၏ ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ အဆိုပါလုပ်ငန်းအား စနစ်တကျ ကြပ်မတ်ထိန်းကျောင်းနိုင်သည့်စနစ် Control Mechanism တစ်ရပ် ထူထောင်နိုင်ရေး စသည်ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုထားကြောင်း သိရသည်။            

 

 


READ NEXT
Cancel OK