Top News

တရုတ်နိုင်ငံသွားမည့်ကောင်စီဝင် ပြန်လာလျှင် ၎င်းတို့နိုင်ငံရေးအကြောင်းမရေးရန် ခံဝန်လက်မှတ်ထိုးခိုင်းသည့် တရုတ်သံရုံးကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကန့်ကွက်စာပေးပို့
24htopnews | January 14, 2025 8:12 PM CST

တရုတ်နိုင်ငံသွားမည့် ကောင်စီဝင် ပြန်လာလျှင် ၎င်းတို့နိုင်ငံရေးအကြောင်း မရေးရန် ခံဝန်လက်မှတ်ထိုးခိုင်းသည့် တရုတ်သံရုံးကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ (MPC)က ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ကောင်စီဥက္ကဋ္ဌဟံသာဝတီဦးအုန်းကြိုင်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံရှိ မီဒီယာတစ်ခုက မြန်မာပြည်မှ မီဒီယာသမားများကို ဖိတ်ခေါ်သည့် ခရီးစဉ်ကို သွားရောက်မည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်တစ်ဦးအနေဖြင့် တရုတ်သံရုံးတွင် ဗီဇာလျှောက်ရာတွင် ယင်းကဲ့သို့ ခံဝန်လက်မှတ်ရေးထိုးခိုင်းဖြစ်ကြောင်း သိရသည်။

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က “တရုတ်ပြည်ကို သတင်းသမားတွေ ဖိတ်တယ်။ ဖိတ်တဲ့အခါမှာ မီဒီယာကောင်စီလည်းပါတယ်။ သူက အသက် ၅၀ အောက်ဆိုပြီးတော့ ဖိတ်ပါတယ်။ မီဒီယာကောင်စီထဲကဆိုတော့ ကိုဇေယျာလှိုင်ကို လွှတ်ပါတယ်။ လွှတ်တဲ့အခါမှာ တရုတ်သံရုံးမှာ ဗီဇာလုပ်တဲ့အခါမှာ လက်မှတ်ထိုးခိုင်းတယ်။ ပြန်လာရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ မရေးပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ အဲဒါကိုဇေယျာလှိုင်က ကျွန်တော်တို့က သတင်းလွတ်လပ်ခွင့်ကို ထူထောင်နေတဲ့ ကောင်စီဖြစ်တယ်။ အခြေခံဥပဒေအရ သတင်းလွတ်လပ်ခွင့်ရှိတယ်။ ဒီသတင်းလွတ်လပ်ခွင့်ကို ကြိုးစားနေကြတယ်။ အဲဒီတော့ ဒီဟာကမူအရမကိုက်ဘူး။ ကျွန်တော် အဲဒီတော့ မလိုက်ဘူးဆိုပြီး မသွားဘူး။ အဲဒီတော့ ဒီဟာကို ကိုဇေယျာလှိုင်က စာရေးပြီး ကောင်စီကိုတိုင်ပါတယ်။ တင်ပြတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့် အဆိုပါလက်မှတ်ထိုးခိုင်းသည့်ကိစ္စရပ်ကို မဖြစ်သင့်ကြောင်းနှင့် ရှုတ်ချကန့်ကွက်ပြီး ဝမ်းနည်းကြောင်း ရေးသား၍  တရုတ်သံရုံးသို့ ဒီဇင်ဘာ ၁၃ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်းကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

သတင်းမီဒီယာကောင်စီဝင် ကိုဇေယျာလှိုင်က “စာရွက်အလွတ်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်း ထုတ်ပေးပြီးတော့ ဘယ်နေ့ကနေ ဘယ်နေ့အထိ၊ ဘယ်သွားပြီး ဘာလုပ်မယ်ဆိုတာ အင်္ဂလိပ်လို့ ချရေးပေးပါတဲ့။ အမှန်ကတော့ ဖိတ်ကြားလွှာရော၊ အာဂျင်ဒါရော ပေးထားပြီးသား။ ဘာလုပ်မယ်ဆိုတာ အချိန်အလည်း အတိအကျပါထားပြီးသား။ ဒါပေမဲ့ အိုကေပါတယ် ရေးပေးမယ်ပေါ့လေ။ သူက ထပ်ပြီးတော့မှ မြန်မာနိုင်ငံပြန်ရောက်တဲ့အခါမှာ တရုတ်ပြည်ရဲ့ နိုင်ငံရေးအကြောင်းမရေးဘူးလို့ပါ ရေးပေးပါတဲ့။ ခံဝန်ရေးပေးပါတဲ့။ အဲဒါတော့ မဖြစ်ဘူးထင်တာပဲလို့။ သတင်းစာဆရာကို ဖိတ်ခေါ်ပြီးတော့မှ ဟိုဟာမရေးနဲ့ ဒီဟာမရေးနဲ့ဆိုရင် ဒီပွဲကမီဒီယာနှစ်ဖက် ဆက်ဆံရေးတိုးမြှင့်တယ့်ပွဲဆိုတော့ အဲဒီလိုတားမြစ်တယ်ဆိုရင် မရေးနိုင်ဘူးပေါ့နော်။ အဲဒီလိုစာမရေးဘူးဆိုရင်တော့ ဗီဇာတင်လို့မရဘူး။ ဒါသူတို့သံရုံးရဲ့ ညွှန်ကြားချက်ပဲတဲ့။ အဲဒါဆိုရင် ဗီဇာမလျှောက်နိုင်တော့ဘူးဆိုပြီး အကုန်ပြန်ယူလာခဲ့တယ်” ဟု ဆိုသည်။

အဆိုပါခရီးစဉ်တွင် နှစ်နိုင်ငံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ကိုဇေယျာလှိုင်ကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ သို့သော် အဆိုပါလက်မှတ်ရေးထိုးခိုင်းခြင်း ကိစ္စရပ်ကြောင့် ကောင်စီဝင်အနေဖြင့် ကန့်ကွက်ခဲ့ပြီး လိုက်ပါသွားခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဒီမိုကရေစီနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိဘဲ ရပ်တည်လို့မရဘူး။ သတင်းလွတ်လပ်ခွင့်ရှိမှ တည်ဆောက်လို့ရမယ်။ စတုတ္ထမဏ္ဍိုင်ပီပီပြင်ပြင် အကောင်အထည်ဖော်လို့ရမယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာကောင်စီရယ်လို့ ပေါ်လာတာ။ သတင်းသမားတွေအတွက်ကို တာဝန်ယူပြီး သတင်းလွတ်လပ်ခွင့်ဆောင်ရွက်ပေးနေတာ မီဒီယာကောင်စီဖြစ်တယ်။ အဲဒါကို  မီဒီယာကောင်စီလက်မှတ်ထိုးပြီး လိုက်သွားမယ်ဆိုရင် မီဒီယာကောင်စီပျက်စီးဖို့ပဲ ရှိတယ်။ အဲဒါကြောင့် ဒါကိုလုံးဝကန့်ကွက်တယ်” ဟု ကောင်စီဥက္ကဋ္ဌဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပမည့်  ဖိုရမ်တစ်ခုကို တက်ရောက်ရန်အတွက် ယူနန်ဒေးလီးသတင်းစာက ဖိတ်ကြားခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်တွင် သတင်းမီဒီယာသမားများအပြင် စာရေးဆရာများနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်း သိရသည်။               

 


READ NEXT
Cancel OK