Top News

မြန်မာနိုင်ငံ၏ မြို့ပြသုတေသနစစ်တမ်းအရ မြို့ပြနေထိုင်သူလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၄ သန်းရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၂၀ ခန့်အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထား
24htopnews | January 14, 2025 8:12 PM CST

 

မြန်မာနိုင်ငံ၏ မြို့ပြသုတေသန စစ်တမ်းအရ မြို့ပြနေထိုင်သူလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၄ သန်း (ရာခိုင် နှုန်း ၂၀)ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၂၀ ခန့်အထိ တိုးတက်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်းဆောက်လုပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည်။

မက်ကင်ဆေးသုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ နှစ်သန်းအထက်ရှိသည့် မြို့ကြီးများတွင် နေထိုင်သူလူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်သည်ဟု တွက်ချက်ထားကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၂၀ အတွင်း ဒေါ်လာ ၁၄၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အတွက် တစ်နှစ်ကို ဒေါ်လာ ခုနစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွား ရမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့်အဖြစ် ခေတ်မီစီမံကိန်းရေးဆွဲရေးစနစ်တစ်ရပ်နှင့်အတူ မြို့ပြတိုးချဲ့မှုအတွက် ကြိုတင်စီမံလျာထားရန် လိုအပ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ တတိယအဆင့်အဖြစ် ထိုမြို့ပြကြီးများ၏ အုပ်ချုပ်ရေးကောင်းမွန်အောင် စဉ်းစားရန်လိုအပ်ကြောင်းကို အကြံပြုထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မြို့ပြရွှေ့ပြောင်းနေထိုင်သူ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၏ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ အလုပ်ကြောင့် ပြောင်းရွှေ့သူ ၅၆ ရာခိုင်နှုန်း သို့မဟုတ် ရွှေ့ပြောင်းသူများနှင့်အတူ လိုက်ပါရန် မိသားစုဝင်များနှင့် အတူနေရန် ပြောင်းရွှေ့သူ ၃၈ ရာခိုင်နှုန်း ပြောင်းရွှေ့နေကြသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦရေ ၅၁ ဒသမ ၅ သန်းအနက် ၁၅ သန်းခန့်သည် မြို့ပြတွင် နေထိုင်ကြပြီး ကျေးလက်ဒေသနေထိုင်သူများပြားသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။

သို့သော် ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိကျေးလက်လူဦးရေမှ နောက်ထပ် ၇ ဒသမ ၁ သန်းသည် မြို့ကြီးများသို့ ပြောင်းရွှေ့ကြမည့် အလားအလာရှိသည့်အတွက် အဆိုပါကိန်းဂဏန်း အချက်အလက်များသည် ပြောင်းလဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၌ လူဦးရေငါးသန်းကျော် နေထိုင်ကြပြီး ကျယ်ပြန့်သောမြို့တော်နယ် နိမိတ်အတွင်းတွင် နေထိုင်သူ ၇ ဒသမ ၄ သန်းရှိသည်။ မြို့ပြဒေသများအတွင်း တိုတက်မှုအများစုမှာ ကျေးလက်ဒေသမှ မြို့ပြသို့ ပြည်တွင်းရွှေ့ပြောင်းသွားလာမှုကြောင့် ဖြစ်ကြောင်း UNFPA, 2017 တွင်ဖော်ပြ ထားသည်။

ဥပမာအားဖြင့် ၂၀၀၉ -၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့၏ လူဦးရေတိုးတက်မှုအနက် ၈၁ ရာခိုင်နှုန်းမှာ ပြည်တွင်းရွှေ့ပြောင်း သွားလာမှုကြောင့်ဖြစ်သည်။ ရွှေ့ပြောင်းအများစုမှာ အလုပ်အကိုင်အတွက် မြို့ကြီးများသို့ ရွှေ့ပြောင်းကြသည်။ ကျေးလက်ဒေသမှ မြို့ပြသို့ ရွှေ့ပြောင်းသွားလာစေရန် တွန်းပို့သည့် အခြားအကြောင်းအရာများမှာ စီးပွားရေးအခက်အခဲများ၊ ကျေးလက်ဒေသဆင်း ရဲနွမ်းပါးမှု၊ မြေယာပိုင်ဆိုင်မှုမရှိခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်သည်။

မြို့ပြဖြစ်ထွန်းမှုသည် မြို့ပြ၌ဆင်းရဲနွမ်းပါးမှုကို ပိုမိုလျှော့ချပေးနိုင်ပြီး ၂၀၀၄ - ၂၀၀၅ ခုနှစ်တွင် ၃၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၁၄ ဒသမ၅ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားစေသည်ဟု ကမ္ဘာ့ဘဏ်၏ ဆင်းရဲမွဲတေမှုဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။                         

 

 


READ NEXT
Cancel OK