Top News

ရှမ်းပြည်နယ်အတွင်း တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသားများအား အရေးယူနေပြီး ပြည်နယ်အတွင်း လောင်းကစားဝိုင်းများ လျော့နည်းပပျောက်စေရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ပ
24htopnews | January 14, 2025 8:12 PM CST

ရှမ်းပြည်နယ်အတွင်း တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများအား အရေးယူခြင်းနှင့် ပြည်နယ်အတွင်း လောင်းကစားဝိုင်းများ လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်များအလိုက် လောင်းကစားဝိုင်းများ ဖွင့်လှစ်လျက်ရှိသူများကို အုပ်ချုပ်ရေးမှူးတို့မှ ဖမ်းဆီးနိုင်ပြီး လောင်းကစားမှုများ ပပျောက်ရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်လုံဝန်ကြီးက ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ် တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒီဇင်ဘာ ၁၇ ရက် (အင်္ဂါနေ့) ဒုတိယနေ့တွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဆန်းဝင်းအောင်(ခ) ဦးအောင်အောင်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး လှဦးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရှမ်းပြည်နယ်တွင်းရှိ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ ဖြေကြားပါမယ်။ ရှမ်းပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး ရေအားလျှပ်စစ်စတဲ့ စီမံကိန်း လုပ်ငန်းများ သတ္တုတွင်းလုပ်ငန်းများတွင် တရားဝင် လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၈၃ ဦးရှိပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ရှမ်းပြည်နယ်အတွင်းသို့ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက် လာတဲ့ တရုတ်နိုင်ငံသား ၅၁၄ ဦးရှိကြောင်း စိစစ်သိရှိပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားစာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းကာ စုံစမ်းဖော်ထုတ် စာရင်းကောက်ယူ၍ ၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ ပုဒ်မ  ၁၃-၁ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ ဥပဒေနှင့်အညီ တရားဝင် ဝင်ရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (နိုင်ငံခြားသား)များကို လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးအပြင် ပူးပေါင်းအဖွဲ့ဖြင့် ပြည်နယ်ခရိုင် မြို့နယ် နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖော်ရိန်နာဖဲရားတင်းဖြင့် ကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး တရားဝင် ဝင်ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ စီမံကိန်းနှင့် သတ္တုတွင်းလုပ်ကွက်များသို့ ဝင်ရောက်လုပ်ကိုင် နေသော ဗီဇာစည်းကမ်း ဖောက်ဖျက်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၄၁-၄၂ တို့အရ တရားစွဲဆို ဆောင်ရွက်လျက် ရှိပါတယ်။ တရားမဝင် စီးပွားရေးလုပ်ငန်းများဖြစ်သော သစ်၊ သတ္တုတူးဖော် ထုတ်လုပ် နေသော တရုတ်နိုင်ငံသားများရှိကြောင်း သတင်းပေးပို့လာပါက သက်ဆိုင်ရာတိုင်း ဌာနချုပ်များနှင့် ညှိနှိုင်း၍ တည်ဆဲဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ် အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားတင်ပြ အပ်ပါတယ်”ဟု ဗိုလ်မှူးကြီး လှဦးက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင်း လောင်းကစားဝိုင်းများနှင့် ပတ်သက်၍လည်း လောင်းကစား  ဖွင့်လှစ် လုပ်ကိုင်ခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များသို့ သတင်းပေးပို့နိုင်တဲ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ အသိပေးပါက စုံစမ်းဖော်ထုတ်၍ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လောင်းကစားမှုများ ပပျောက်ရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

“ရှမ်းပြည်နယ်တွင်း လောင်းကစားမှုများ ပပျောက်ရေးအတွက် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ သတင်းစုံစမ်း ဖော်ထုတ်ခြင်း၊ စစ်ဆေးအရေးယူခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ၁-၁-၂၀၁၉ ခုနှစ် မှ ၃၀-၁၁-၂၀၁၉ ရက်အထိ လောင်းကစားမှု ၁၁၈ မှုမှ တရားခံ ကျား ၁၆၅ ဦး၊ မ ၉၅ ဦး၊ မြန်မာငွေကျပ် နှစ်သန်းတစ်သိန်းလေးသောင်းရှစ်ထောင်လေးရာငါးဆယ့်ငါးကျပ်၊ ထိုင်းဘတ်ငွေ တစ်သိန်းသုံးသောင်းနှစ်ထောင်ကျော်၊ တရုတ်ယွမ်ငွေ ၅၃၀၀ တို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်။ ထို့ပြင် လောင်းကစားမှုများကို ဖမ်းဆီးရန် တာဝန်ပျက်ကွက်သူ ရဲတပ်ဖွဲ့ဝင်များ လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သည့် ဌာနဆိုင်ရာ အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနဲ့အညီ အပြစ်ပေး အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ ၇-၅-၂၀၁၉ ရက်မှာ အ တည်ပြုပြဋ္ဌာန်းထားသော လောင်းကစား ဥပဒေအခန်း ၄ ပုဒ်မ ၅ ပုဒ်မခွဲ (က) အရ သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး သည် ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး၊ ဆယ်အိမ်မှူး တစ်ဦးဦးအပါအဝင် အနည်းဆုံး နှစ်ဦးပါဝင်လျက် လောင်းကစားမှု ပြုလုပ်နေသော နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးနိုင်ကြောင်း ပြဋ္ဌာန်းထားရှိရာ ရပ်ကွက်ကျေးရွာများအတွင်း လောင်းကစား ဖွင့်လှစ်လုပ်ကိုင်ခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များသို့ သတင်းပေးပို့နိုင်တဲ့အပြင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ အသိပေးပါက စုံစမ်းဖော်ထုတ်၍ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လောင်းကစားမှုများ ပပျောက်ရေးအတွက် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားအပ်ပါတယ်” ဟု  ဝန်ကြီးဗိုလ်မှူးကြီး လှဦးက ပြောကြားသည်။

 

 


READ NEXT
Cancel OK