
NLD ပါတီကို ဟိုကပုတ်ခတ်၊ ဒီကပုတ်ခတ်ပြောကြားနေချိန်တွင် NLD ပါတီသည် တိုင်းပြည်၏ လိုအပ်ချက်ကြောင့် ၈၈ အရေးတော်ပုံကြီးကနေ စတင်ပေါက်ဖွားခဲ့ကြောင်း ပါတီ၏ ခေါင်းဆောင်များသည်လည်း ယုံကြည်ချက်ကို စွဲစွဲမြဲမြဲကိုင်ကာ အသက်သေဆုံးသည်အထိ လုပ်ကိုင်သွားခဲ့ကြောင်း၊ NLD ပါတီသည် မိုးကျရွှေကိုမဟုတ်သလို အသွင်ပြောင်းလည်း မဟုတ်သည့်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးကြရန် ကောလင်းမြို့နယ်ဒေသခံများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုက်တွန်းပြောကြား သည်။
ဒီဇင်ဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့တွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူထု့တွေ့ဆုံပွဲ အပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အခုလာတယ်ဆိုတာက ပြည်သူကရွေးချယ်တာ။ ပြည်သူကိုဗဟိုပြုရမှာ။ ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ။ ကျွန်တော်က ပြည်သူ့ကျွန်ပဲ။ ကျွန်ဖြစ်နေလို့လည်း ပြည်သူတွေရဲ့အသံပြည်သူတွေ ဘာတွေမျှော်လင့်သလဲဆိုတာ သိချင်လို့ ကျွန်တော်လာခဲ့တာ။ ကျွန်တော်တို့ပါတီကို ဟိုကပုတ်ခတ် ဒီကပုတ်ခတ်ပြီး ပြောနေတဲ့အချိန်မှာကျွန်တော်တို့ပါတီသည် ၈၈ အရေးတော်ပုံကြီးကနေ တိုင်းပြည်ရဲ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတာ။ ကျွန်တော်တို့ ပါတီရဲ့ခေါင်းဆောင်တွေကလည်း ယုံကြည်ချက်ကို စွဲစွဲမြဲမြဲကိုင်ပြီးတော့ အသက်သေဆုံးတဲ့အထိ လုပ်ကိုင်သွားခဲ့ကြတာ။ ကျွန်တော်တို့ပါတီ သမိုင်းကိုသိပါ။ မဲဆန္ဒရှင်များအနေနဲ့ အကျိုးရှိရှိ အသည်းနှလုံးကြားက မဲတစ်ပြားကို ပေးပေးကြပါ။ မဲဆန္ဒရှင်များက အင်မတန်မှ အရေးကြီးပါတယ်။ အခုကတည်းက လာပေးကြပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
ထို့ပြင် နိုင်ငံကိုဒီမိုကရေစီအမွေပေးချင်ကြောင်း ယင်းအတွက် ကြိုးစားကာလုပ်ဆောင်နေကြောင်း ဒီမိုကရေစီ ထူထောင်ကြသည့် အနောက်နိုင်ငံများတွင် ၁၅ နှစ် သို့မဟုတ် နှစ်၂ဝအထိ ကြာမြင့်ကြောင်း NLD အစိုးရသည် ယခုမှ ငါးနှစ်နီးပါးသာရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
NLD အစိုးရအနေဖြင့် ပြည်သူကို သစ္စာမဖောက်ကြောင်းနှင့် သက်ဆုံးတိုင် အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူကို အလုပ်အကျွေးပြုပေးသွားမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် NLD နှင့်အတူ ပူးပေါင်းပါဝင်ကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးသို့ ချီတက်သွားရန်အတွက်လည်း ၎င်းက တိုက်တွန်းပြောကြားသွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်