
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ၍ နှစ်နိုင်ငံကြား ကဏ္ဍအလိုက် ပူးပေါင်းရေးဆွေးနွေးခဲ့ပြီး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့သည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုုပ်နှံမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စ၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ သစ်တောနှင့် သယံဇာတ၊ ဆောက်လုပ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျအာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် ထောက်ခံကူညီရေး၊ အာဆီယံ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊ ကုလသမဂ္ဂ စသည့်ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု (၄၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီး ဦးသာဦး၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး ဒေါက်တာလုသွီဇွန်းနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့သည် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ငုယင်စွမ်းကူအုံတို့က လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဒန့်မင်းခိုးအီးတို့က နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော် မှုလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၄)နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း လက်မှတ်ရေးထိုးလဲလှယ်ကြပြီး နှစ်နိုင်ငံသာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်မှုကို ၁၄ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်သည့် သံတမန်စာကို လဲလှယ်ခဲ့ကြကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့က နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်