Top News

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျသဖြင့် နေအိမ် ၅၀ ကျော်နစ်မြှုပ်ကာ သေဆုံးသူများရှိပြီး လက်ရှိတွင် အလောင်း ၁၂ လောင်းရရှိထား
24htopnews | January 14, 2025 5:12 PM CST

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် ဇန်နဝါရီ ၁၃ ရက်နံနက်က နွံကန်ပေါက်ကျသဖြင့် နေအိမ် ၅၀ ကျော်နစ်မြှုပ်ကာ သေဆုံးသူများရှိပြီး လက်ရှိတွင် အလောင်း ၁၂ လောင်း ရရှိထားကြောင်း သိရသည်။

နွံကန်ပေါက်ကျမှုကြောင့် ရွှံနှစ်ကည်များက နေအိမ် (၅၀) ခန့်အထိ မြုပ်သွားပြီး သေဆုံးသူ ၁၂ ဦးကို တွေ့ရှိထားကြောင်း၊ ရှာဖွေမှုများလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကူညီနေသူများက ပြောကြားသည်။

“သေချာတဲ့ စာရင်းမရနိုင်ဘူး။ ရပ်ကွက်ကလည်း နှစ်ကွက်။ လူတွေလည်း ပျံကျတွေ ဖြစ်နေတာ။ မြင်သလောက်က လူသုံးဆယ် အထက်လိုပဲ အတည်ပြုနိုင်မယ်။ ကေအိုင်အေ လူကြီးပိုင်းတွေနှင့် သူဌေးတွေပေါင်းပြီးကိုင်တဲ့ လုပ်ကွက်ပဲ။ တာဝန်ယူ၊ တာဝန်ခံတာတော့ မရှိသေးဘူး” ဟု ဆိုသည်။

ကုမ္ပဏီ၏ စွန်ပစ်သည့် မြေစာဖိအားကြောင့် မြေအောက်မှ ရွှံနွံများ ကန်ထွက်ကာ ပေါက်ကျလာခြင်းဖြစ်ကြောင်း မြင်တွေ့ခဲ့သူက ဆိုသည်။

လက်ရှိတွင် ပျောက်ဆုံးစာရင်း ကောက်နိုင်သေးခြင်းမရှိဘဲ နေအိမ်မိသားစုများအားလုံး ပျောက်ဆုံးနေသည့်အခြေအနေလည်း တွေ့ရကြောင်း၊ ကလေးငယ်များပါဝင်သည့် မိသားစုလည်းပါဝင်နေကြောင်း၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်သည့် လူမှုရေးအသင်းအဖွဲ့များက နွံများကို ဘက်ဟိုးများဖြင့် ဖယ်ထုတ်ကာ အလောင်ဆယ်ယူနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ဖယးကန့်ဒေသ ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်သိမ်းထားသော်လည်း ကြီးမားသည့်ကျောက်စိမ်းတူးဖော်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ အကျိုးဆက်အဖြစ် မြေပြိုခြင်း၊ နွံကန်ပေါက်ခြင်းများ ဖြစ်ပေါ်က လူဆယ်ချီ သေဆုံးမှုလည်းရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် အသေအပျောက်အများဆုံးအဖြစ် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှ ရေမဆေးကျောက်ရှာဖွေသူ ၁၉၀ ကျော်  သေဆုံးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK