Top News

ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန(၁၀၈)ခန်း ကမ္မဋ္ဌာန်းတိုက်ကြီး၏ အာဒိကမ္မိက ကျေးဇူးတော်ရှင် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဝနတ်ကျောင်း စံပြောင်းတော်မူ
24htopnews | January 14, 2025 4:12 PM CST

ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန(၁၀၈)ခန်း ကမ္မဋ္ဌာန်းတိုက်ကြီး၏ အာဒိကမ္မိက ကျေးဇူးတော်ရှင် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဝနတ်ကျောင်း စံပြောင်းတော်မူပြီဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့၊ ဘုရားကြီးကျောင်းတိုက်ဝန်းအတွင်းရှိ သီတင်းသုံးမြဲကျောင်းဆောင်၌ပင် ဇန်နဝါရီ ၁၃ ရက်၊ နံနက်ပိုင်းအချိန်က ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ ပြာသိုလပြည့်နေ့၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှာ ဆရာတော်ကြီး၊ ဘဝနတ်ကျောင်းစံပြောင်းတော်မူသွားတာပါ။ ဆရာတော်ကြီးသီတင်းသုံးရာ ဇောတိကာရုံကျောင်းဆောင်မှာ ဓုတင်အကျင့်မြတ်နဲ့အညီ ထိုင်လျှက်တရားရှုမှတ်စဉ်မှာပဲပျံလွန်တော်သွားတာပါ။ ဆရာတော်ကြီးဟာ ကိုးပါးသော ဓုတင်ကို သက်ဆုံးတိုင် ကျင့်ဆောင်ခဲ့တယ်။ ညပိုင်းထိလည်း ပုံမှန်ပဋ္ဌာန်းတရားပေးခဲ့တယ်။ သက်တော်ကြီးရင့်နေပေမယ့်လည်း ပျံလွန်တော်မမူခင်နေ့အထိ နေ့စဉ်ဒကာဒကာမတွေကို ချီးမြှောက်တဲ့အနေနဲ့ ဆွမ်းခံကြွပေးခဲ့ပါတယ်။ ရောဂါရှိတာတို့ ဝေဒနာဖိစီးနေလို့ ဆေးကုသနေရတာတို့ မရှိပါဘူး။ ရုတ်တရက်ပျံလွန်တော်မူသွားတာပါ"ဟု ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးက ဖြေကြားသည်။

ကျေးဇူးတော်ရှင် ဓုတင်ဆရာတော်ကြီးကို ၁၃၁၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဘဝနတ်ကျောင်းစံပြောင်းတော်မူချိန်၌ သက်တော် (၇၆)နှစ်၊ ဝါတော်(၅၂)ဝါ ရှိပြီဖြစ်သည်။ ဓုတင်အကျင့်မြတ်ကို ကျင့်ဆောင်တော်မူခဲ့ပြီး ထင်ရှားခဲ့သည့် ကျေးဇူးတော်ရှင်ဆရာတော်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယဖြစ်သည့်အပြင် ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန(၁၀၈)ခန်း ကမ္မဋ္ဌာန်းတိုက်ကြီးကိုလည်း တည်ထောင်တော်မူခဲ့သည်။

      

ဆရာတော်ကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားမှုကြောင့် ကြည်ညိုကိုးကွယ်သူများပြားခဲ့ပြီး နိုင်ငံတော်ကလည်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ပူဇော်ခဲ့သည်။

 


READ NEXT
Cancel OK