Top News

ထိုင်းအစိုးရအဖွဲ့က လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား အတည်ပြု
24htopnews | January 14, 2025 1:12 PM CST

ထိုင်းအစိုးရအဖွဲ့က လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား အတည်ပြုခဲ့ပြီး ထိုလုပ်ဆောင်ချက်သည် ခရီးသွားကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု များကို မြင့်တက်စေရန် ရည်ရွယ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်က ဇန်နဝါရီ ၁၃ ရက်က ပြောကြားခဲ့သည်။

အစိုးရ၏ အစီအစဉ်အောက်တွင် လွှတ်တော်ကို တင်သွင်းမည့် ထိုဥပဒေအရ အကြီးစားဖျော်ဖြေရေး အဆောက်အအုံများတွင် လောင်းကစားလုပ်ငန်းများ ပေါ်ပေါက်လာမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကာစီနိုရုံများနှင့်လောင်းကစား လုပ်ငန်းအများစုသည် တရားမဝင်သော်လည်း ဘောလုံးပွဲလောင်းမှုနှင့် အခြားလောင်းကစား လုပ်ငန်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီများသည် ပျံ့နှံ့နေကာ ထိုလုပ်ငန်းများသည် ငွေပမာဏအများအပြားဖြင့် လည်ပတ်နေသည်။

လက်ရှိအချိန်အထိ ထိုင်းတွင် အစိုးရကဖွင့်သည့် ထီနှင့်အစိုးရက ထိန်းချုပ်ထားသည့် မြင်းပြိုင်ပွဲများကဲ့သို့ လောင်းကစားလုပ်ငန်းများကိုသာ ခွင့်ပြုထားသည်။

ထိုင်း၏အိမ်နီးခြင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအိုတို့သည် အကြီးစားကာစီနို လုပ်ငန်းများဖြင့် အကျိုးအမြတ်များ ရရှိခဲ့သည်။

ထိုင်းအစိုးရကလည်း အကြီးစားကာစီနို လုပ်ငန်းများမရှိပါက ဝင်ငွေနှင့် ခရီးသွားကဏ္ဍကို မြင့်တက်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ခရီးသွားကဏ္ဍသည် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး ထိုင်းနိုင်ငံ၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်ပြီး ထိုင်းသည် လာမည့်နှစ်အနည်းငယ်အတွင်း ခရီးသွားအရေအတွက် စံချိန်တင် မြင့်တက်စေရန် မျှော်မှန်းထားသည်။

“တရားဝင်ခွင့်ပြု ပေးလိုက်တာဟာ ပြည်သူလူထုကို အကာအကွယ်ဖြစ်စေပြီး နိုင်ငံ့ဝင်ငွေကိုလည်း ပိုပြီးမြင့်တက်စေပါလိမ့်မယ်”ဟု ပေတုန်တန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခင်ထိုင်းအစိုးရအဖွဲ့များသည်လည်း ကာစီနိုရုံများနှင့် လောင်းကစားလုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးရန် ကြိုးပမ်းခဲ့သော်လည်း ဗုဒ္ဓဘာသာအများစုနေထိုင်သည့် ထိုင်းနိုင်ငံတွင် ရှေးရိုးစွဲ ၀ါဒီများ၏ ဆန့်ကျင် မှုများကြောင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

ယခုနောက်ဆုံး အကြိမ်ကြိုးပမ်းချက်ကြောင့် ထိုင်းသို့လာရောက်သည့် ခရီးသွားအရေအတွက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း မြင့်တက်လာနိုင်ပြီး ခရီးသွားကဏ္ဍမှ ရရှိမည့် ဝင်ငွေသည်လည်း ဘတ် ၁၂၀ ဘီလျံ မှ ဘတ် ၂၂၀ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၄၅ ဘီလျံမှ ဒေါ်လာ ၆ ဒသမ ၃၂ ဘီလျံ) မြင့်တက်လာဖွယ်ရှိကြောင်း လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗက်က ပြောကြားခဲ့သည်။

ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းပေါင်းလည်း ၁၀၀၀ မှ ၁၅၀၀၀ အထိ ပေါ်ပေါက်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။

ထိုဥပဒေမူကြမ်း၏ ပိုဒ်ခွဲ ၆၅ အရ လောင်းကစားလုပ်ငန်းများသည် နှစ်ပေါင်း ၃၀ သက်တမ်းရှိသည့် လိုင်စင်ဖြင့် လုပ်ငန်း လည်ပတ်ရမည်ဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ကြေးသည် ဘတ် ၅ ဘီလျံဖြစ်ကာ နှစ်စဉ်ဘတ် ၁ ဘီလျံစီ ပေးဆောင်ရမည် ဖြစ်သည်။

အနှစ် ၃၀ လိုင်စင် သက်တမ်းပြည့်သွားပါက ၁၀ နှစ်တစ်ကြိမ်စီ သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း Nikkie Asia သတင်းက ပြီးခဲ့သည့် စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။

Ref:Reuters

                                                   


READ NEXT
Cancel OK