Top News

ပြည်သူများအပေါ်ကောက်ခံသည့် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားခရငွေမှာ ယခင်နှစ်ထက် ကျပ် ၁၇၂၄ ဘီလျံကျော်အထိ တိုးမြင့်ရရှိလာပြီး ဝင်ငွေရရှိမှု ၁၂၄ ဒသမ ၁၉ ရာခိုင်နှုန်းကျော်မြင့်တက်­
24htopnews | January 14, 2025 6:12 AM CST

ပြည်သူများအပေါ် ကောက်ခံနေသည့် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားခရငွေမှာ ယခင်နှစ်ထက် ကျပ် ၁၇၂၄ ဘီလျံကျော် တိုးမြင့်ရရှိလာပြီး ဝင်ငွေရရှိမှု ၁၂၄ ဒသမ ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီတာခများ တိုးမြှင့်ခြင်းမပြုမီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေအရ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ကျပ် ၂၇၀၂၇၂ သန်းသာ ကောက်ခံရရှိခဲ့ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ကျပ် ၆၃၆၉၈၉ သန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ကျပ် ၄၈၀၉၃၂ သန်း စုစုပေါင်းတွင် ကျပ် ၁၃၈၈၁၉၃ သန်း (ကျပ် ၁၃၈၈ ဒသမ ၂ ဘီလျံ) အထိရရှိခဲ့ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များမှ သိရသည်။ လျှပ်စစ်မီတာခများ တိုးမြှင့်ပြီးနောက် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ကျပ် ၆၃၁၈၄၉ သန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် ကျပ် ၁၄၁၁၂၄၈ သန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွင် ကျပ် ၁၀၆၉၁၅၁ သန်း စုစုပေါင်း ကျပ် ၃၁၁၂၂၄၈ သန်း (၃၁၁၂ ဒသမ ၂၄ ဘီလျံ) အထိ တိုးမြင့်ရရှိလာကာ ဝင်ငွေရရှိမှုတွင် ၁၂၄ ဒသမ ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ပြီး ကျပ် ၁၇၂၄ ဒသမ ၀၆ ဘီလျံအထိ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ပြီး အိမ်သုံးအမျိုးအစားတွင် တစ်ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ယူနစ် ၅၀ အထိ ကျပ် ၅၀၊ ၅၁ ယူနစ် မှ ၇၅ ယူနစ်အထိ ကျပ်ရ၀၊ ၇၆ ယူနစ်မှ ယူနစ် ၁၀၀ အထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ၁၅၀ အထိ ကျပ် ၁၁၀၊ ၁၅၁ ယူနစ်မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ်ဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။ ထို့အတူ အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံများ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် တစ်ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၅ဝဝဝအထိ ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ၁၀၀၀၁ ယူနစ်မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅ဝဝဝဝအထိ ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ၁၀၀၀၀၁ ယူနစ်နှင့်အထက်ကို  ၁၈၀ ကျပ်နှုန်း သတ်မှတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ကာ မီတာခများတိုးမြှင့်ထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများမှ လာမည့်အောက်တိုဘာ ၁ ရက် တွင် စတင်မည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇၃၅ ဘီလျံကျော် အမြတ်ရရှိမည်ဟု ခန့်မှန်းထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုဘဏ္ဍာငွေရန်ပုံ ငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတို့ ရှိနေပြီး အဆိုပါ လုပ်ငန်းငါးခုအနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုသာ အရှုံးပြနေပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၁၁၀၄ ဘီလျံကျော် ရရှိရန် မျှော်မှန်းထားကာ အသုံးစရိတ်မှာ ကျပ် ၁၁၄၅ ဘီလျံကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ်ဘီလျံ ၄၀ ကျော် အရှုံးပေါ်မည်ဖြစ်သည်။ အမြတ်အစွန်းရရှိမည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အခြား နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းလေးခုအနက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၃၀၆၀ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ် ၃၀၄၈ ဘီလျံကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ် ၁၂ ဘီလျံကျော် အမြတ်ရရှိမည်ဖြစ်သည်။

ထို့ပြင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၂၀၁၃ ဘီလျံကျော် ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ် ၁၃၇၂ ဘီလျံကျော်သာ ခန့်မှန်းထားသဖြင့် ကျပ်ဘီလျံ ၆၄၀ ကျော် အမြတ်ရရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၂၉၇ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ် ၂၃၇ ဘီ လျံကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ် ၁၂ ဘီလျံကျော် အမြတ်ရရှိမည်ဖြစ်ပြီး မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၁၄ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ် ၁၂ ဘီလျံကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ်နှစ်ဘီလျံကျော် အမြတ်ရရှိမည်ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုဘဏ္ဍာငွေရန်ပုံ ငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအဖြစ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းတို့ရှိနေပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၁၄၆၄ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ် ၁၄၁၃ ဘီလျံကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ် ၅၁ ဘီလျံကျော် အမြတ်ရရှိမည်ဖြစ်သည်။ ထို့အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှာလည်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေအဖြစ် ကျပ် ၆၃၉ ဘီလျံကျော်ရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ကျပ်ဘီလျံ ၆၃၀ ကျော်ဟု ခန့်မှန်းထားသဖြင့် ကျပ်ကိုးဘီလျံကျော် အမြတ်ရရှိရန် မျှော်မှန်းထားသည်။

ထိုသို့ အမြတ်ရရှိမည်ဖြစ်သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းခုနစ်ဖွဲ့မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇၃၅ ဒသမ ၅၈ ဘီလျံကျော် အမြတ်ရရှိမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ ပြုပြင်ပြီးခန့်မှန်းခြေအရ  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းခုနစ်ဖွဲ့မှ ကျပ် ၃၆၇ ဘီလျံ ကျော်သာ ရရှိရန် မျှော်မှန်းနိုင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK