Top News

၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာလအထိ အဂတိလိုက်စားမှုတိုင်ကြားစာပေါင်း ၉၃၅၉ စောင်ရရှိပြီး တရားစွဲတင်မှု အမှုပေါင်း ၈၆ မှုဖြင့် လူဦးရေ ၇၄ ဦးကို တရားစွဲတင်ပို့နိုင်ခဲ့
24htopnews | January 14, 2025 6:12 AM CST

၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာလအထိ အဂတိလိုက်စားမှု တိုင်ကြားစာပေါင်း ၉၃၅၉ စောင်ရရှိပြီး တရားစွဲတင်မှုနှင့် ပတ်သက်၍ အမှုပေါင်း ၈၆ မှုဖြင့် လူဦးရေ ၇၄ ဦးကို တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

ကော်မရှင်သည် ပြည်သူလူထုမှပေးပို့သော တိုင်ကြားစာများကို စိစစ်သုံးသပ်ပြီး အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် လက်ခံရရှိမှုတွင် တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင်ရရှိပြီး တရားစွဲတင်ပို့မှုနှင့်ပတ်သက်၍ အမှုပေါင်း ၃၁ မှုဖြင့် လူဦးရေ ၄၆ ဦးကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နိုဝင်ဘာလအထိ တိုင်ကြားစာပေါင်း ၉၃၅၉ စောင်ရရှိပြီး တရားစွဲတင်မှုနှင့်ပတ်သက်၍ အမှုပေါင်း ၈၆ မှုဖြင့် လူဦးရေ ၇၄ ဦးကိုလည်းကောင်း၊ တရားစွဲတင်ပို့နိုင်ခဲ့သဖြင့် ပိုမိုတိုးမြှင့်ကာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ငွေကျပ် ၃၀ ဒသမ ၈၉၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းကို သိမ်းဆည်းနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ထားဝယ်မြို့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး Global Grand Services Co., Ltd (GGS ကုမ္ပဏီ) က ပေးသွင်းရန်ကျန်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ဖိုးငွေ ကျပ် ၉၈၄၇ ဒသမ ၈၄၃ သန်းကို နိုင်ငံတော်သို့ ပေးသွင်းစေနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်ဦးအောင်သန့်မြင့်က ပြောကြားသည်။

ကော်မရှင်သည် ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူစေရန်အတွက် ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်တွင် ရန်ကုန်ရုံးခွဲကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် မေ ၁၁ ရက်တွင်  မန္တလေးရုံးခွဲတို့ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော်မရှင်သည် အများပြည်သူဆိုင်ရာ လုပ်ငန်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကျင့်ဝတ်များပြုစုရေးဆွဲရန်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့နှင့် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကျင့်ဝတ်များ၊ ထိန်းချုပ်မှုနည်းလမ်းများ ချမှတ်နိုင်ရန် အခြေခံအချက်များ သတ်မှတ်ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး အသိပညာပေးရေးအစီအစဉ်များ တစ်နိုင်ငံလုံး ပျံ့နှံ့စေရန် UNDP ၏ အကူအညီရယူကာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး မူလတန်းအဆင့်/ အလယ်တန်းအဆင့် ဆရာကို စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်တို့အတွက်လည်း ဆက်လက်ပြုစုလျက်ရှိကြောင်း၊ ကော်မရှင်သည် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းအား ၂၀၁၉ ခုနှစ်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသူ/ သား ၂၅၄ ဦးဖြင့် စခန်းဖွင့်လှစ် ကျင်းပဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို UNCAC ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၏ သဘောတူညီချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၀၅ ခုနှစ်တွင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလက်ခံခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများသည် နှစ်စဉ် ဒီဇင်ဘာ ၉ ရက်တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း (၁၄)ကြိမ်မြောက်မှစ၍ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK