Top News

တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှုသည် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားသော ကုန်စည်အမျိုးအစားတွင် ပါဝင်ပြီး ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်းဝင်ငွေရရှိမှုအပေါ်၌သာ ဝင်ငွေခွန်ကောက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား
24htopnews | January 14, 2025 6:12 AM CST

 

တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုသည် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားသော ကုန်စည်အမျိုးစားတွင်ပါဝင်ပြီး ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် စုစုပေါင်း ဝင်ငွေရရှိမှုအပေါ်၌သာ ဝင်ငွေခွန်ကောက်ခံလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ၁၆ ရက် မြောက်နေ့တွင် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း တင်သွင်းထားသည့် ကချင်ပြည်နယ်သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို စည်းကမ်းတကျထိန်းသိမ်း ကွပ်ကဲနိုင်စေရန်၊ ရေရည်တွင်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကိုချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ ၆၅(ထ)နှင့် အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားထားသည့် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာ (IEE) ကို လိုက်နာရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းအဆိုပြုချက် တင်ပြလျောက်ထားလာ မည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို ကချင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကြပ်မတ်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

“တစ်သျှူးငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုဟာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားတဲ့ ကုန်စည်အမျိုးအစားမှာပါဝင်ပါတယ်။ ဝင်ငွေခွန်စည်းကြပ်ထိုက်တဲ့ စုစုပေါင်း ဝင်ငွေရရှိမှု အပေါ်မှာသာ ဝင်ငွေခွန်ကောက်လျက်ရှိ ကြောင်းတင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းကုမ္ပဏီများ ကန်ပိုက်တီးနယ်စပ် ဂိတ်စခန်းနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်စခန်းများမှတစ်ဆင့် တစ်သျှူးငှက်ပျောကားများ ဖြတ်သန်းသယ်ယူခွင့်ကို လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်တွင်းကုမ္ပဏီများအနေနှင့် ကားဖြင့် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ရာတွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များတွင် ကုမ္ပဏီ ၃၆ ခုမှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်း ၁၀၅၆၂ ကောက်ခံရရှိထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

တရုတ်သို့ တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၈၇၅၆၊ တန်ဖိုး ဒေါ်လာ ၂၇ ဒဿ မ ၈၃၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၉၀၁၂၆၊ တန်ဖိုး ဒေါ်လာ ၅၉ ဒဿမ ၈၆၃ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၈၆၇၇၇၊ တန်ဖိုး ဒေါ်လာ ၈၅ ဒဿမ ၄၃၃ သန်း၊ ၂၀၁၈ ခုနှစ် Mini Budget တွင် တန်ချိန် ၂၄၄၁၉၆၊ ဒေါ်လာ ၇၃ ဒဿမ ၄၄၂ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၃၇၅၀၆၊ တန်ဖိုးဒေါ်လာ ၂၈၉ ဒဿမ ၂၂၃ သန်း တင်ပို့ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်များအရ နိုင်ငံတစ်ဝှမ်းလုံးတွင် ငှက်ပျောစိုက်ဧရိယာဧက နှစ်သိန်းခြောက်သောင်းကျော် စိုက်ပျိုးထားပြီး ကချင်ပြည်နယ်တွင် ဧက ၇၀၀၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဧကခြောက်သောင်းခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၂၀၀၀၀ ကျော်၊ ရှမ်းပြည်နယ်တွင် ဧက ၂၀၀၀၀ ကျော်၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး နယ်မြေလုံခြုံမှုအခြေအ နေပေါ်မူတည်၍ စာရင်းကောက်ယူရခြင်း ဖြစ်သည့်အတွက် ယခုထက်ပိုမိုသည့် ဧရိယာလည်း ရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုရှင် ဒေါက်တာခွန်ဝင်းသောင်းက အဆို၏ ရည်ရွယ်ချက်အတိုင်း ဆက်လက်ပြီး ပိုမိုအကောင်အထည်ဖော်နိုင်ရန် လိုအပ်နေသည်ဟု ယူဆခြင်းကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူလိုကြောင်း တင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာတွင် ထောက်ခံမဲ ၁၆၈ မဲ၊ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲနှစ်မဲဖြင့် ရရှိခဲ့ပြီး ထောက်ခံမဲများ သည့်အတွက်အဆိုကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။                                   

 

 


READ NEXT
Cancel OK