
အဂတိလိုက်စားမှုဥပဒေဖြင့်တရားရင် ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးတို့ကို ဒီဇင်ဘာ ၁၆ ရက် ကတနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၄၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုစစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားလိုဖြစ်သည့် အမှုစစ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းမှာ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉)၊(၂/၂၀၁၉)၊(၃/ ၂၀၁၉)၊(၄/၂၀၁၉) အမှုများ၏ ရုံးခေါ်သက်သေအဖြစ် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ၄၁ ကြိမ် မြောက်ရုံးချိန်းမှာ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် (၂/၂၀၁၉) အမှုက တရားလိုပြသက်သေ ထားဝယ်လေဆိပ်တာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်ဦးကို စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ်(၁/၂၀၁၉)က တရားလို အမှုစစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။ ရာဇဝတ်ကြီးအမှုအမှတ် (၂/ ၂၀၁၉) အမှုက တရားလိုပြသက်သေ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ချုပ်အငြိမ်းစား ဦးကောင်းစံဦးကို စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ကျန်းမာရေးမကောင်းလို့ မလာရောက်နိုင်တဲ့အတွက် သူ့ကိုစစ်ဆေးဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကို ချိန်းဆိုထားပါတယ်။ ဒီကနေ့ရုံးချိန်းမှာ ရာဇဝတ်ကြီးအမှုအမှတ် (၁/၂၀၁၉) အမှုက တရားလိုဘက်က သက်သေခံစာရွက်စာတမ်း ခုနစ်စောင်၊ ရာဇဝတ်ကြီးအမှုအမှတ် (၂/၂၀၁၉) အမှုမှာ တရားလိုဘက်က သက်သေခံ စာရွက်စာတမ်း လေးစောင်တင်သွင်းခဲ့ပါတယ်။ တရားခံဘက်ကတော့ တစ်စုံတစ်ရာ တင်သွင်းခဲ့ခြင်းမရှိပါဘူး” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စွဲဆိုထားသည့်အမှုများတွင် တရားလိုပြသက်သေအဖြစ် တင်သွင်းထားခဲ့သူများအနက် နောက်ဆုံးစစ်ဆေးရန် ကျန်ရှိသူနှစ်ဦးဖြစ်သည့် ရာဇဝတ်ကြီးအမှုအမှတ် (၂/၂၀၁၉) က တရားလိုပြသက်သေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ချုပ်အငြိမ်းစား ဦးကောင်းစံဦး (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း) နှင့် ထားဝယ်လေဆိပ်တာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်ဦးတို့ကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ဦးကောင်းစံဦးမှာ ရုံးချိန်းသို့ မလာရောက်ခဲ့သောကြောင့် ထားဝယ်လေဆိပ်တာဝန်ခံဦးစီးအရာရှိ ဦးမြင့်လှိုင်ဦးကိုသာ စစ်ဆေးခဲ့ရပြီး ဦးကောင်းစံဦးကို စစ်ဆေးရန် ဒီဇင်ဘာ ၃၀ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၆ ရက်ရုံးချိန်း၌ အမှုစစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးရာတွင် ၎င်းတရားလိုပြုလုပ်စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ရုံးတော်၌သက်သေများ၏ ထွက်ဆိုထားချက်များ၊ စစ်ဆေးတွေ့ရှိချက် စာရွက်စာတမ်း သက်သေများနှင့် ပတ်သက်၍ လိုအပ်သည့် အချက်နှင့် စာရွက်စာတမ်း အထောက်အထားများကို အပြီးသတ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ရာဇဝတ်ကြီးအမှုအမှတ် (၂/ ၂၀၁၉) အမှုက တရားလိုပြသက်သေ ထားဝယ်လေဆိပ်တာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်ဦးကို စစ်ဆေးရာ၌ ထားဝယ်လေဆိပ်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ညွှန်ကြားချက်စာရွက်စာတမ်းများ၊ ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းသည့် ကိစ္စတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
လက်ရှိအနေအထားအရ စစ်ဆေးပြီးသည့် တရားလိုပြသက်သေဦးရေမှာ ရာဇဝတ်ကြီးအမှု အမှတ် (၁/၂၀၁၉)၌ ၂၀ ဦး၊ (၂/၂၀၁၉)၌ ၂၃ ဦး၊ (၃/၂၀၁၉)၌ ၂၀ ဦး၊ (၄/ ၂၀၁၉)၌ ၂၁ ဦး စုစုပေါင်း ၈၄ ဦး စစ်ဆေးပြီးစီးပြီဖြစ်ပြီး မူလကတရားလိုပြ သက်သေအဖြစ် စစ်ဆေးရန်တင်ပြထားသည့် ၉၉ ဦးအနက် ရာဇဝတ်ကြီးအမှုအမှတ် (၁/ ၂၀၁၉) မှ သက်သေငါးဦး၊ ရာဇဝတ်ကြီးအမှု အမှတ် (၃/၂၀၁၉) မှသက်သေ ခြောက်ဦး၊ ရာဇဝတ်ကြီးအမှုအမှတ် (၄/၂၀၁၉)မှ သက်သေသုံးဦး စုစုပေါင်းသက်သေ ၁၄ ဦး ကို ပယ်ပြီးဖြစ်သည့်အတွက် တရားလိုဘက်က စစ်ဆေးပြီးဖြစ်ကာ ရာဇဝတ်ကြီးအမှု အမှတ် (၂/၂၀၁၉)အတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးရန် တစ်ဦးသာ ကျန်ရှိတော့သည်ဟု သိရသည်။
ထို့ကြောင့် လာမည့် ၄၂ ကြိမ်မြောက် ရုံးချိန်းတွင် ရာဇဝတ်ကြီးအမှုအမှတ် (၂/၂၀၁၉) အတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ချုပ်အငြိမ်းစား ဦးကောင်းစံဦး (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း) မှာ နောက်ဆုံးစစ်ဆေးရန် ကျန်ရှိသူဖြစ်ပြီး ၎င်းအားစစ်ဆေးပြီးပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကိုစွဲဆိုထားသည့် အမှုလေးခုစလုံးအား စွဲချက်တင်သင့် မတင်သင့် ရုံးတော်၌ လျှောက်လဲချက်ကြားနာမည် ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ Global Grand Service (GGS )ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ပြီးခဲ့သည့် မတ် ၁၀ ရက်က ထားဝယ်မြို့မရဲစခန်းတွင် အမှုတွဲလေးခုဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ် ၂၅ ရက်တွင် ၎င်းတို့ လေးဦးစလုံးကို တိုင်းဒေသကြီးတရားလွှတ်တော်၌ ပထမအကြိမ်အဖြစ် တစ်ပြိုင်နက်ရုံး ထုတ်ခဲ့ကာ စတင်တရားစွဲဆိုခဲ့သောကြောင့် ၎င်းတို့အား အဂတိလိုက်စားမှုဖြင့် စတင်ဖမ်းဆီးခဲ့ပြီးနောက် အမှုတွဲလေးခုအတွက် ကိုးလခန့်အကြာ ရုံးချိန်း ၄၂ ချိန်း၊ တရားလိုပြသက်သေ ၈၀ ကျော်နှင့် ရုံးခေါ်သက်သေများကို စစ်ဆေးပြီးနောက်တွင် အမှုများနှင့် ပတ်သက်၍ စွဲချက်တင်သင့် မသင့်လျှောက်လဲချက် ကြားနာတော့မည့်အနေအထားရှိကြောင်း သိရသည်။
ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို အဂတိလိုက်စားမှုဖြင့် စတင်တရားစွဲဆိုသည့်အချိန်မှ ၄၁ ကြိမ်မြောက် ရုံးချိန်းအထိ သက်သေခံစာရွက်စာတမ်း တင်သွင်းမှုအဖြစ် တရားလိုဘက်မှဥပဒေအရာရှိများက ရာဇဝတ်ကြီးအမှုအမှတ (၁/၂၀၁၉)အတွက် ၁၀၀ စောင်၊ ရာဇဝတ်ကြီးအမှု အမှတ် (၂/၂၀၁၉) အတွက် ၁၂၂ စောင်၊ ရာဇဝတ်ကြီးအမှုအမှတ် (၃/ ၂၀၁၉)အတွက် ၈၁ စောင်နှင့် ရာဇဝတ်ကြီးအမှု အမှတ် (၄/၂၀၁၉) အတွက် ၁၀၁ စောင်စုစု ပေါင်း ၄၀၄ စောင်တင်ပြထားပြီး တရားခံဘက်မှ ရာဇဝတ်ကြီး အမှုအမှတ် (၁/ ၂၀၁၇) အတွက် တစ်စောင်၊ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) အတွက် ၂၈ စောင်နှင့် ရာဇဝတ်ကြီးအမှု အမှတ် (၄/ ၂၀၁၉)အတွက် ၁၁ စောင် စုစုပေါင်း ၄၀ စောင် တင်သွင်းထားကြောင်း သိရသည်။
လာမည့် ၄၂ ကြိမ်မြောက်ရုံးချိန်း၌ စစ်ဆေးမည့် ရာဇဝတ်ကြီးအမှုအမှတ် (၂/ ၂၀၁၉)မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က F – 22 Construction Co. Ltd ကို ထိုက်သင့်သည့် တန်ဖိုးငွေမပေးဘဲ လုပ်ငန်းသုံးခုကို ဝန်ဆောင်မှုပေးစေခိုင်းခဲ့ပြီး မကြာမီတွင် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကို ငွေကျပ် သိန်း ၄၀၀၀ ဖြင့် တင်ဒါမခေါ်ယူခင် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အဆိုပါကုမ္ပဏီအား တိုက်ရိုက်ခွင့်ပြု အခွင့်အရေးပေးခဲ့ခြင်းဖြင့် ဝန်ကြီးချုပ်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အရေးယူပေးရန် ထားဝယ်မြို့မရဲစခန်း (ပ) ၇၆၉/၂၀၁၉ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားထားသောအမှုဖြစ်သည်။
လက်ရှိတွင် အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုနှစ်ကြိမ်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့၏ အာမခံလျှောက်ထားမှု တစ်ကြိမ်စီတို့ကို တရားရုံးက ပယ်ချထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်