Top News

ကျပ်သိန်းတစ်ထောင်ဆုပေါက်သည့် ထီလက်မှတ်ကို ရောင်းချသူက ထီထိုးထားသူအား ပေးအပ်ခြင်းမပြုဘဲ ရယူထားမှုနှင့် ပတ်သက်၍ အမှုဖွင့်တရားစွဲဆိုထားသည့်အပေါ် တရားပြိုင်ဘက်က နစ်နာကြေးမပေးသင့်ကြောင်း ငြင်းချက်ထုတ်ထုချေလွှာတင်
24htopnews | January 14, 2025 6:12 AM CST

၈ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် သိန်းတစ်ထောင်ဆုပေါက်ခဲ့သည့် ထီလက်မှတ်အား ရောင်းချသူက ထီထိုးထားသူထံ ပေးအပ်ခြင်းမပြုဘဲ ရယူထားမှုနှင့်ပတ်သက်၍ အဆိုပါထီရောင်းချခဲ့သူကို တရားမမှုဖြင့် မူလထီဆုကြေးထုတ်သွားသည့် သိန်းတစ်ထောင်နှင့် နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်း သိန်းနှစ်ထောင်ရလို့မှုဖြင့် စစ်ကိုင်းခရိုင်တရားရုံးတွင် နိုဝင်ဘာ ၁၃ရက်တွင် တရားစွဲတင်ခဲ့ပြီး တရားရုံးက နိုဝင်ဘာ ၂၈ ရက်တွင် ပထမဆုံးအကြိမ်ရုံးချိန်းပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက် တွင် တရားပြိုင်ဘက်က နစ်နာကြေးမပေးသင့်ကြောင်း ထုချေလွှာတင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၃ဝရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်ဟု ကျပ်သိန်းတစ်ထောင် ကံထူးသူမဇင်မေထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် မြသိန်းတန်စေတီအနီးရှိထီဆိုင်မှ ထိုးယူထားသည့် ထီနံပါတ် ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်းတစ်ထောင်ဆုပေါက်သဖြင့် ယင်းထီလက်မှတ်ကို ထီဆိုင်ကိုယ်စားလှယ်ထံမှ တောင်းယူခဲ့ရာ၌ ပေးအပ်ခဲ့ခြင်းမရှိကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ထီထိုးထားသူက မင်းကွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထီဆိုင်ပိုင်ရှင်၏ အစ်မဖြစ်သူနှင့် ညှိနှိုင်းခဲ့သော်လည်း ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ထီထိုးခဲ့သူ မဇင်မေထွန်းက မင်းကွန်းတိုက်နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ထုချေလွှာတင်တော့ နောက်ရုံးချိန်ကျရင် ငြင်းချက်ထုတ်ပြီး အမှုအတွက် စစ်ဆေးကြတော့မယ်။ သူတို့ဘက်က ဘာကြောင့်မပေးသင့်ကြောင်း ထုချေလွှာတင်မယ်။ ကျွန်တော်တို့က ထီလက်မှတ်ရဲ့ ပိုင်ရှင်ဖြစ်ကြောင်း ကြေညာပြီးတော့ နစ်နာကြေး သူတို့ထုတ်သွားတဲ့ ကျပ်သိန်းတစ်ထောင်နဲ့ နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်းသိန်းနှစ်ထောင်တောင်းတာကို သူတို့ဘက်က မပေးထိုက်ပါဘူးဆိုတဲ့ ချေလွှာတင်သွင်းတာပါ။ အဲဒီအပေါ်မှာ ဘယ်အချက်တွေ စစ်ဆေးမယ်ဆိုတာ နောက်တစ်ပတ် တရားရုံးမှာ ငြင်းချက်ထုတ်ပြီးရင် ပထမဆုံး တရားလိုပြသက်သေစစ်ပြီးမှ တရားပြိုင်တွေ စစ်ဆေးသွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ထိုသို့ ထီလက်မှတ်ဖိုးငွေပေးချေ၍ ထီထိုးခဲ့ပြီး အဆိုပါထီမှ ကျပ်သိန်းတစ်ထောင် ဆုပေါက်ခဲ့သော်လည်း ထီဆိုင်ပိုင်ရှင်ဖြစ်သူက ထီလက်မှတ်ထုတ်မပေးသောကြောင့် မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ထီကျပ်သိန်းတစ်ထောင်ကံထူးသူ မဇင်မေထွန်းက ထီဆိုင်ပိုင်ရှင်ဖြစ်သူကို လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ယခင်ကအမှုဖွင့်ထားခဲ့ပြီး ယခုတရားမမှုဖြင့် ထပ်မံဖွင့်ထားခြင်းဖြစ်သည်။

“ကျွန်တော့်အယူအဆက ၄၀၆ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာပေါ့။ ဒါပေမဲ့ ရဲစခန်းက ပ နံပါတ်ဖွင့်ပြီး ဆောင်ရွက်နေတာက ၄၂၀ လို့ သိရပါတယ်။ ဒါပေမဲ့ ပြီးတော့မပြီးသေးဘူး။ ဘာလို့ဆို လူတစ်ယောက်က ကိုယ့်ကိုယုံကြည်လို့ အပ်နှံလိုက်တဲ့ပစ္စည်းပေါ့၊ ဒီထီဆိုင်ကနေ ကလေးမက ထီထိုးလိုက်တယ်၊ ထီဖိုးကျသင့်တာပေးတဲ့အတွက် အဲဒီထီလက်မှတ်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ အဲဒီထီ လက်မှတ်မပေးဘဲနဲ့ သူပိုင်အဖြစ်ပြောင်းလဲပြီး ချက်လက်မှတ်ထုတ်သွားတာ ကျွန်တော်တို့ သိရတယ်။ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်လိုက်တဲ့အတွက် ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာဖြစ်တယ်။ ဒါ ကျွန်တော်မြင်တာပေါ့။ နောက်တစ်ဖက်က ၄၂၀ က သတ် သတ်ဖြစ်မှာပါ။ ပူးတွဲပါနိုင်တယ်။ ဒါက ပြစ်မှုပါ။ တရားမအကြောင်းအရ အခုလိုကျွန်တော်တို့က စွဲရတာ ထီလက်မှတ်ပိုင်ရှင်က မဇင်ဇင်ပဲ။ ကျွန်တော်တို့ အထောက်အထား အသံဖိုင် အကုန်ရှိတယ်။ နောက်တရားလွှတ်တော် ဒေါ်ခင်စိုးဝင်းကိုယ်တိုင်သွားပြီး ဝင်ရောက်ညှိနှိုင်းထားတွေရှိတယ်။ သူတို့ပြောပြတဲ့ အချက်တွေအရ ထီလက်မှတ်ပိုင်ရှင်က မဇင်မေထွန်းဆိုတာ ငြင်းလို့မရပါဘူး။ ဒါက အလွယ်တကူ ခွင့်ပြုလိုက်လို့မရဘူး။ အဲဒါဆိုရင် ထီလက်မှတ်က အောင်ဘာလေသိန်းဆုဌာန စည်းမျဉ်းအရ ထီလက်မှတ်ပြတဲ့သူက ပိုင်ရှင် ဒါက မှန်တယ်။ ကောက်ရတဲ့သူက ပိုင်ရှင် ဒါဆိုရင် ဓားပြတိုက်ပြီး ထီလက်မှတ်ထုတ်ပြီး ပေးလိုက်မှာလား။ သူခိုးကခိုးပြီး ထုတ်လိုက်ရင်ပေးလိုက်မှာလားဆိုတဲ့ ဥပဒေပြဿနာရှိတယ်။ ဒါတွေကို ရှင်းဖို့အချိန်တန်ပြီး တရားမျှတမှုအတွက် ဒီအမှုကို ကျွန်တော်တို့ လိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်တယ်။ ထီလက်မှတ် ပျောက်သွားရင် တရားစွဲလို့ရတယ်။ ကိုယ်က ထီထိုးထားပြီး ထီလက်မှတ်ပျောက်သွားပြီး ဘယ်သူ့လက်ထဲမှရောက်မသွားဘူးဆိုရင် အောင်ဘာလေသိန်းဆုဌာန ညွှန်ကြားရေးမှူးကို တရားပြိုင်အဖြစ်ထားပြီး မိမိပေါက်မဲလက်မှတ် ဒီလောက် ဒီလောက် ပိုင်ရှင်ဖြစ်ကြောင်းကို တရားရုံးကနေ တောင်းရမယ်။ အဲဒီ ဒီဂရီရရင် အောင်ဘာလေသိန်းဆုဌာနမှာ ထုတ်ခွင့်ရှိပါတယ်။ အခုဖြစ်စဉ်က မခံနိုင်စရာမို့ ကျွန်တော်တို့က ဝင်ပါရတယ်။ အခုဒီမှာက သူတို့ကပြောတယ် စွဲလို့မရဘူး ထီလက်မှတ်လက်ထဲရှိတဲ့သူသာလျှင် ပိုင်ရှင်ဖြစ်တယ်ဆိုတာ ထုတ်တဲ့နေရာမှာတော့ ဟုတ်တယ်။ အောင်ဘာလေသိန်းဆုဌာနက ပြဿနာတွေ ရှင်းမပေးဘူး။ ကိုယ့်ဘာသာ တရားရုံးမှာရှင်းကြ၊ အောင်ဘာလေဌာနက ထီလက်မှတ်လာပြရင် ပြတဲ့သူ ထုတ်ပေးလိုက်မှာပဲ။ အဲဒါက အောင်ဘာလေသိန်းဆုအဆင့် အခုအဆင့်ကမှ ငါတို့ကတောင်းပြီး အဲဒီထီပိုင်ရှင်အစစ်က ဒီကလေးမလေးဖြစ်တယ်။ သက်သေအထောက်အထား အပြည့်အစုံရှိတယ်။ သူတို့ကိုယ်တိုင် ဝန်ခံထားတဲ့ အချက်တွေရှိတယ်။ အဲဒါကြောင့်မို့လို့ ထီလက်မှတ်ပိုင်ရှင်က ဒီကလေးမဖြစ်တယ်။ ကြေညာဒီဂရီတောင်းတယ်။ ပြီးတော့ လိမ်ထုတ်သွားတဲ့ ပိုက်ဆံသိန်းတစ်ထောင်နဲ့ နစ်နာကြေးသိန်းတစ်ထောင် စုစုပေါင်းသိန်းနှစ်ထောင် တောင်းမယ်။ ဒီအတွက် တရားမျှတမှုအတွက် ၀ိုင်းကူညီဆောင်ရွက်တာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ထီဆုလက်မှတ်တင်ပြနိုင်မှသာ ဆုငွေထုတ်ယူခွင့်ရှိပြီး ထီလက်မှတ်ဝယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးသွားကြောင်းတို့နှင့် စပ်လျဉ်းသောအချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများစသည်တို့ကို အောင်ဘာလေသိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည်မဟုတ်ဘဲ ထီလက်မှတ်မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည်မဟုတ်ဘဲ ဆုရလက်မှတ်တင်ပြနိုင်သူကိုသာ ဆုငွေရထိုက်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက အသိအမှတ်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

 


READ NEXT
Cancel OK