Top News

ကချင်ပြည်နယ်တွင် တရားသူကြီးကို တရားခွင်အတွင်း ချိန်ခွင်ပေးမှုကြောင့် ထောင်သုံးလ ကျခံခဲ့ရသည့် ပေါလုက အာဏာအောက် ဥပဒေရှိနေခြင်းကို တော်လှန်မည်ဟု ပြောကြား
24htopnews | January 14, 2025 6:12 AM CST

ကချင်ပြည်နယ်တွင် တရားသူကြီးကို တရားခွင်အတွင်း ချိန်ခွင်ပေးမှုကြောင့် ထောင်သုံးလ ကျခံခဲ့ရသည့် ပေါလုက အာဏာအောက် ဥပဒေရှိနေခြင်းကို တော်လှန်မည်ဟု ပြောကြားသည်။

စစ်ရှောင်အရေး လှုပ်ရှားရာတွင် ပြဇာတ်တင်ဆက်မှု သရုပ်ဖော်အတွက် ဒဏ်ငွေ ကျပ် သုံးသောင်း (သို့) ထောင်ဒဏ် ၁၅ ရက် ကျခံစေရန်အတွက် အမိန့်ချမှတ်ရာတွင် ကိုပေါလုနှင့် မဆိုင်းနူးပန်တို့မှာ ထောင်ဒဏ် ၁၅ ရက်ကျခံရန် အမိန့်ချပြီးနောက် ကိုပေါလုက အမိန့်ချမှတ်ခဲ့သည့်  တရားသူကြီးထံ ချိန်ခွင်ပျက်တစ်ခုကို ပေးအပ်ခဲ့သည်။

ယင်းသို့ ချိန်ခွင်ပျက်ပေးမှုကြောင့် တရားစီရင်ရေးကို နှောင့်ယှက်သည် ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် ထပ်မံအမိန့်ချမှတ် ခံခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ မြစ်ကြီးနား အကျဉ်းထောင်တွင် နေထိုင်ခဲ့ရသည်။

ထောင်မှလွတ်မြောက်လာသူ ကိုပေါလုက “ချိန်ခွင်ပေးတာကတော့ တရားစီရင်ရေး မဏ္ဍိုင်မှာ ယိုယွင်းနေတယ် ဆိုတာရယ်။ ကျွန်တော်တို့ကို အမိန့်ချတာလည်း မတရားဘူး ယူဆလို့ ချိန်ခွင်ပေးတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ တရားရေးအပေါ်တွင် အာဏာသက်ရောက် နေခြင်းကို ဆက်လက် တော်လှန်မည်ဖြစ်ပြီး တရားရေး မဖြောင့်မှန်မှုများနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုပေါလုက ဆိုသည်။

“တရားရေး မဖြောင့်မှန်တာတွေနဲ့ ပတ်သက်ပြီး ပညာပေးတာ။ ပြုပြင်ဖို့ တောင်းဆိုတာတွေ ဆက်လုပ်သွားမှာ။ ကျွန်တော်တို့ စောင့်ကြည့်သလောက် ကျွန်တော်တို့ အမှုတွေဆိုရင် အထက်က မီးစိမ်းပြမှ တရားစီရင်သလို ဖြစ်နေတယ်။ တရားရေးပေါ်မှာ အာဏာမရှိစေချင်ဘူး။ ဆက်ပြီးတော့လည်း အာဏာအောက် ဥပဒေ ရှိနေတာတွေကို တော်လှန်သွားမှာပါ” ဟု ကိုပေါလုက ဆိုသည်။

ကိုပေါလုနှင့်အတူ ကချင်စစ်ပွဲ ရှစ်နှစ်ပြည့် ပြဇာတ်စီစဉ်သူ ခေါင်းဆောင်နှစ်ဦးကို ငြိမ်းစုစီဥပဒေဖြင့် ထောင်ဒဏ် ၁၅ ရက် (သို့မဟုတ်) ငွေဒဏ်သုံးသောင်းကို စက်တင်ဘာ ၂ ရက်က အမိန့်ချမှတ်ခဲ့သည်။

 


READ NEXT
Cancel OK