Top News

မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီ ၁၇၃ ဦးတင်ဆောင်လာသည့် လှေတစ်စီးအား ကော့သောင်းမြို့ ရေပြင်တွင် ဖမ်းဆီးရမိ
24htopnews | January 14, 2025 6:12 AM CST

မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီ ၁၇၃ ဦး တင်ဆောင်လာသည့် လှေတစ်စင်းကို ကော့သောင်းမြို့ ရေပြင်တွင် တပ်မတော် ( ရေ ) မှဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘင်္ဂါလီများ တင်ဆောင်လာသည့်လှေအား ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီကျော်တွင် သံကျွန်းအနောက်ဘက် ၁၃၅ မိုင်အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အဲဒီလှေက နိုဝင်ဘာ ၂၇ ရက်က မြိတ်မြို့ကနေ ထွက်ခွာသွားတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်တဲ့ စိန့်မာတင်ကျွန်း တောင်ဘက် ရှစ်မိုင်အကွာရေပြင်မှာ သွားရောက် စောင့်ဆိုင်းခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အာမတ်ဆိုသူက ဒီဇင်ဘာ ၄ ရက်၊ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ လှေငယ်တွေနှင့် သုံးခေါက်တိတိ လာရောက် ပို့ဆောင်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ဟိုဒူဟာလန် ဒုက္ခသည်စခန်းကနေ သုံးခေါက်တိတိ လူမှောင်ခိုလုပ်တဲ့ သူတွေက လှေပေါ်ကို တင်ခဲ့ကြတယ်။ အဲဒီကနေတစ်ဆင့် မလေးရှားနိုင်ငံကို သွားဖို့အတွက် အခုလို ဖမ်းဆီးခံခဲ့ရတယ်” ဟု ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသည့် လှေမှာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေရှိပြီး စစ်ဆေးမေးမြန်းချက်များအရ ပိုင်ရှင်မှာ မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ ဦးအောင်မျိုးဆိုသူ ဖြစ်ကြောင်း၊ လှေပဲ့နင်းမှာ မြိတ်မြို့နယ် အင်းလေးမြိုင်ရပ်ကွက်မှ ဦးမျိုးဇော်ဆိုသူ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လှေပေါ်တွင် ဘင်္ဂါလီအမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ယောကျ်ားလေး ၁၃ ဦး၊ အမျိုးသမီးငယ် ကိုးဦး စုစုပေါင်း ၁၇၃ ဦး ဖြစ်ကြောင်း၊ လှေသား ခုနစ်ဦး ပါဝင်ကြောင်း၊ ဖမ်းဆီးရမိသူများကို ဇာဒက်ငယ်ကျွန်း အနီးတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK