Top News

သမိုင်းဝင် ဝန်ကြီးများရုံးဟောင်းအတွင်း နိုင်ငံခြားအရက်များ ရောင်းချနိုင်သည့် FL 17 ယစ်မျိုးလိုင်စင် နှစ်နေရာ လျှောက်ထားမှု ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဗိုလ်တထောင်ထွေအုပ်ရုံး ကြေညာ
24htopnews | January 14, 2025 6:12 AM CST

သမိုင်းဝင် ဝန်ကြီးများရုံးဟောင်းအတွင်း နိုင်ငံခြားအရက်များ ရောင်းချနိုင်သည့် FL 17 ယစ်မျိုးလိုင်စင် နှစ်နေရာ လျှောက်ထားမှုကို ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဗိုလ်တထောင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ကြေညာသည်။

“ယစ်မျိုးဆိုင်တွေကို အသစ်ပေးတာတွေ မရှိပါဘူး။ လိပ်စာပြောင်းတာ၊ အမည်ပြောင်းလျှောက်တာ၊ လိုင်စင်လိပ်စာ ပြောင်းတာတွေပဲ ရှိပါတယ်။ အခုလျှောက်ထားတဲ့သူ နှစ်ဦးက ဝန်ကြီးများရုံးဆိုတဲ့ နေရာနဲ့ လာလျှောက်တာ မဟုတ်ဘူး။ ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက် အနော်ရထာလမ်း အမှတ် ၃၀၀ ဆိုတဲ့ လိပ်စာနဲ့လာလျှောက်တာ။ ဆိုင်နှစ်ဆိုင်လုံးက အမှတ် ၃၀၀ ပဲ။ ဒါပေမဲ့ အဲဒီနေရာက ဝန်ကြီးများရုံးဝင်း အတွင်းမှာ တည်ရှိတာဖြစ်တယ်” ဟု ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။

ဝန်ကြီးများရုံးအတွင်း နိုင်ငံခြားအရက် ရောင်းချနိုင်သည့် FL 17ယစ်မျိုးလိုင်စင်အား ဦးမိုးလွင် အမည်ဖြင့် မြို့နယ်ထွေအုပ်ရုံးတွင် ဇွန်လက လာရောက်လျှောက်ထားခဲ့ရာ Public Area ဖြစ်သဖြင့် လျှောက်ထားမှု မပြည့်စုံသဖြင့် မြို့နယ်ထွေအုပ်ရုံးမှ ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများရုံး ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့သို့ လိပ်မူထားသည့်စာဖြင့် လည်းကောင်း၊ ကျန်ရှိသည့်တစ်ခုမှာ ဒေါ်ဝင်းဝင်းခိုင် အမည်ဖြင့် ဒီဇင်ဘာ  ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများရုံး ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့သို့ လိပ်မူထားသည့်စာဖြင့် လည်းကောင်း FL 17ယစ်မျိုးလိုင်စင် လျှောက်ထားခဲ့ကြောင်း သိရသည်။

“ဦးမိုးလွင်အမည်နဲ့ ခြောက်လပိုင်းတုန်းက လာလျှောက်တယ်။ အဲဒီတုန်းက လက်မခံလိုက်ဘူး။ ဒုတိယအကြိမ် လာလျှောက်တဲ့ အခါမှာတော့ Zigg. Coltd နဲ့ လျှောက်တယ်။ နောက်တစ်ဦးကတော့ ဒေါ်ဝင်းဝင်းခိုင် အမည်နဲ့ လျှောက်ထားတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယစ်မျိုးလိုင်စင် မရဘဲနဲ့ ဆိုင်ဖွင့်လို့မရဘူး။ ဖွင့်ရင်တော့ အရေးယူမှာပါ။ ပြီးတော့ လိုင်စင်က ဒီတိုင်းချက်ချင်း ထုတ်ပေးတာ မဟုတ်ဘူး။ ခရိုင်၊ တိုင်း၊ ရုံးချုပ်က သဘောတူပြီး ခရိုင်ပြန်ရောက်မှ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုမိန့်နဲ့ ဖွင့်ခွင့်တင်တာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ထောက်ခံချက်မပါရင် အပေါ်တောင် မရောက်တော့ဘူး” ဟု ဦးစိန်သောင်းက ပြောကြားသည်။

ထို့ပြင် ကန့်ကွက်နိုင်ကြောင်း ကြေညာထားသည့် ၁၅ ရက်အတွင်း ကန့်ကွက်မှု မရှိပါက ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ယစ်မျိုးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့များဖြင့် ကွင်းဆင်းပြီး ပတ်ဝန်းကျင် အနေအထားကို လေ့လာမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဦးစိန်သောင်းက ပြောကြားသည်။

“ဆိုင်ဖွင့်မယ့်နေရာက ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိမလား၊ ကျောင်းတွေရှိမလား၊ အဲဒါတွေကို မြေပြင်ကွင်းဆင်း စစ်ဆေးရမှာပါ” ဟု ဦးစိန်သောင်းက ပြောကြားသည်။

ယင်းသို့ ယစ်မျိုးလိုင်စင်လျှောက်ထားကာ ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းအပေါ် လွှတ်တော်ပိုင်းမှ ကန့်ကွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။

“အခုဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်၊ လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီကို အကြောင်းကြားပြီးတော့ ဆက်မလုပ်ဖို့ အစီရင်ခံသွားမယ်။ ကျွန်တော်တို့ကတော့ ဝန်ကြီးများရုံးလို နေရာမှာ Spa တို့ Bar တို့ကိုလက်သင့်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Spa တို့ Bar ကနေတစ်ဆင့်တက်ပြီးတော့ ကလပ်တွေဘာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကနေ ဆိုက်ကနေပဲ ကန့်ကွက်သွားမှာဖြစ်တယ်” ဟု ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။

ယခုကဲ့သို့ ဝန်ကြီးများရုံးအတွင်း ဖွင့်လှစ်နေသည့် ဆိုင်ခန်းများနှင့် ပတ်သက်ပြီး အနော်မာကုမ္ပဏီ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လူမှုရေးစီမံခန့်ခွဲမှု ကော်မတီနှင့် တွေ့ဆုံစဉ် အရက်၊ ဘီယာ ရောင်းချမှုများ ပြုလုပ်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“ကျွန်တော်တို့ ဘာကိုပြန်ကြည့်နေလဲ ဆိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သူတို့ကို ဘာမူနဲ့ ဘာတွေခွင့်ပြု ပေးထားသလဲ ဆိုတာကို စောင့်ကြည့်နေတယ်။ ယစ်မျိုးလိုင်စင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပေးမှသာလျှင် သူလုပ်လို့ရမှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်မပြုရင် လုပ်လို့မရဘူး။ လွှတ်တော်မှာလည်း သူတို့က ဦးမောင်မောင်သိမ်း ကိုယ်တိုင်က ကျွန်တော်တို့ လွှတ်တော်ကို ကတိပေးသွားတယ်။ အဲဒီလို ကတိပေးသွားပြီးမှ လျှောက်တာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပေးတယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း လွှတ်တော်ရဲ့ သဘောထားကို ကွဲလွဲပြီး လုပ်တဲ့ပုံစံမျိုး ဖြစ်သွားမယ်။ ကျွန်တော်တို့ကတော့ ဝန်ကြီးများရုံးလိုနေရာမှာ အခုလိုဆိုင်မျိုးဖွင့်မယ် ဆိုတာကိုတော့ လုံးဝသဘောမတူဘူး။ သူတို့ကို နဂိုကတည်းက ပြောထားပြီးသား၊ သူတို့ဘယ်လိုလုပ်မယ် ဆိုတာကို စောင့် ကြည့်မယ်။ ဆက်လုပ်လာတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်စရာတွေကို ဆက်လုပ်သွားမယ်” ဟု ဦးလှဌေးက ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် အမှတ် (၆) ရပ်ကွက် ကမ်းနားလမ်း အမှတ်(C ရထားဝင်း) နေ ဦးသော်တာ အမည်ဖြင့် ဖွင့်လှစ်ရောင်းချ လျက်ရှိသော FL 17 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက် အနော်ရထာလမ်း၊ အမှတ်(၃၀၀) နေ Zigg. Coltd အမည်ဖြင့် ယစ်မျိုးလိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင်အမည်၊ လိပ်စာပြောင်းရွှေ့ ဝင်ရောက်ခွင့်ပြုပါရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လျှောက်ထားလာကြောင်း၊ အဆိုပါ ယစ်မျိုးလိုင်စင်အမည်၊ လိပ်စာ၊ ပြောင်း လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး ယစ်မျိုးအက်ဥပဒေ ၁၆ရ ကန့်ကွက်လိုပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လိပ်မူပြီး အမိန့်ကြော်ငြာစာကပ်သည့် နေ့မှစ၍ ၁၅ ရက်အတွင်း အထောက်အထား အပြည့်အစုံဖြင့် ကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ကြောင်း ပါရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် အမှတ်(၉) ရပ်ကွက် ၄၆လမ်း အမှတ်(၆၅/B)နေ ကျော်သူလတ် အမည်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော FL9 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၉) ရပ်ကွက် အနော်ရထာလမ်း အမှတ်(၃၀၀)နေ ဒေါ်ဝင်းဝင်းခိုင် အမည်ဖြင့် ယစ်မျိုးလိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစား ပြောင်းရွှေ့ဝင်ရောက်ခွင့်ပြုပါရန် ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လျှောက်ထားလာကြောင်း၊ အဆိုပါ ယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစားပြောင်း လျှောက်ထားလာခြင်းနှင့် ပတ်သက်ပြီး ယစ်မျိုးအက်ဥပဒေ ၁၆ အရ ကန့်ကွက်လိုပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လိပ်မူပြီး အမိန့်ကြေငြာစာကပ်သည့် နေ့မှစပြီး ၁၅ ရက်အတွင်း အထောက်အထား အပြည့်အစုံဖြင့် လူကြီးမင်းကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

FL 17 ယစ်မျိုးလိုင်စင်သည် နိုင်ငံခြားအရက်များ (Foreign Alcoholic Liquor )ကို ဟိုတယ်နှင့် နားနေခန်း ဥပစာအတွင်း သောက်သုံးရန် ဟိုတယ်ပိုင်ရှင် သို့မဟုတ် ဟိုတယ်မန်နေဂျာက ကောင်တာဖွင့်၍ လက်လီရောင်းချခွင့် လိုင်စင်ဖြစ်သည်။

သမိုင်းဝင် ဝန်ကြီးများရုံး ငှားရမ်းလုပ်ကိုင်ခွင့်နှင့် ပြုပြင်ထိန်းသိမ်းခြင်းကို ၂၀၁၄ ခုနှစ်တွင် အနော်မာကုမ္ပဏီက တစ်လလျှင် ကျပ်သိန်း ၂၅၀ နှင့် နှစ် ၅၀ စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကော်ဖီဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ ပန်းချီအရောင်းဆိုင်များ ဖွင့်လှစ်ထားသည်။

 


READ NEXT
Cancel OK