Top News

ကျပ်သိန်းတစ်ထောင်ဆုပေါက်သည့် ထီလက်မှတ်ကို ရောင်းချသူက ထီထိုးထားသူအား ပေးအပ်ခြင်း မပြုဘဲ ရယူထားမှုနှင့် ပတ်သက်၍ အမှုဖွင့် တရားစွဲဆိုထားသည့်အပေါ် တရားပြိုင်ဘက်က နစ်နာကြေး မပေးသင့်ကြောင်း ငြင်းချက်ထုတ် ထုချေလွှာတင်
24htopnews | January 14, 2025 6:12 AM CST

၈ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် သိန်းတစ်ထောင်ဆု ပေါက်ခဲ့သည့် ထီလက်မှတ်အား ရောင်းချသူက ထီထိုးထားသူ ထံပေးအပ်ခြင်း မပြုဘဲ ရယူထားမှုနှင့် ပတ်သက်၍ အဆိုပါ ထီရောင်းချခဲ့သူကို တရားမမှုဖြင့် မူလထီဆုကြေး ထုတ်သွားသည့် သိန်းတစ်ထောင်နှင့် နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်း သိန်းနှစ်ထောင် ရလို့မှုဖြင့် စစ်ကိုင်းခရိုင် တရားရုံးတွင် နိုဝင်ဘာ ၁၃ ရက်တွင် တရားစွဲတင်ခဲ့ပြီး တရားရုံးက နိုဝင်ဘာ ၂၈ ရက်တွင် ပထမဆုံးအကြိမ် ရုံးချိန်းပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက် တွင် တရားပြိုင်ဘက်က နစ်နာကြေး မပေးသင့်ကြောင်း ထုချေလွှာ တင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၃၀ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်ဟု ကျပ်သိန်းတစ်ထောင် ကံထူးသူ မဇင်မေထွန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် မြသိန်းတန်စေတီအနီးရှိ ထီဆိုင်မှ ထိုးယူထားသည့် ထီနံပါတ် ကခ-၁၂၃၅၉၃ မှာ ကျပ်သိန်းတစ်ထောင်ဆု ပေါက်သဖြင့် ယင်းထီလက်မှတ်ကို ထီဆိုင်ကိုယ်စားလှယ်ထံမှ တောင်းယူခဲ့ရာ၌ ပေးအပ်ခဲ့ခြင်း မရှိကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ထီထိုးထားသူက မင်းကွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထီဆိုင်ပိုင်ရှင်၏ အစ်မဖြစ်သူနှင့် ညှိနှိုင်းခဲ့သော်လည်း ထီလက်မှတ်ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် အောက်တိုဘာ ၇ ရက်တွင် ထီထိုးခဲ့သူ မဇင်မေထွန်းက မင်းကွန်းတိုက်နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ထုချေလွှာတင်တော့ နောက်ရုံးချိန်ကျရင် ငြင်းချက်ထုတ်ပြီး အမှုအတွက် စစ်ဆေး ကြတော့မယ်။ သူတို့ဘက်က ဘာကြောင့် မပေးသင့်ကြောင်း ထုချေလွှာတင်မယ်။ ကျွန် တော်တို့က ထီလက်မှတ်ရဲ့ ပိုင်ရှင်ဖြစ်ကြောင်း ကြေညာပြီးတော့ နစ်နာကြေး သူတို့ထုတ်သွား တဲ့ ကျပ်သိန်းတစ်ထောင်နဲ့ နစ်နာကြေး သိန်း တစ်ထောင် စုစုပေါင်းသိန်းနှစ်ထောင်တောင်း တာကို သူတို့ဘက်က မပေးထိုက်ပါဘူးဆိုတဲ့ ချေလွှာတင်သွင်းတာပါ။ အဲဒီအပေါ်မှာဘယ် အချက်တွေ စစ်ဆေးမယ်ဆိုတာ နောက်တစ် ပတ် တရားရုံးမှာ ငြင်းချက်ထုတ်ပြီးရင် ပထမဆုံး တရားလိုပြသက်သေစစ်ပြီးမှ တရားပြိုင် တွေ စစ်ဆေးသွားမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ထိုသို့ ထီလက်မှတ်ဖိုးငွေပေးချေ၍ ထီထိုးခဲ့ပြီး အဆိုပါထီမှ ကျပ်သိန်းတစ်ထောင် ဆုပေါက်ခဲ့သော်လည်း ထီဆိုင်ပိုင်ရှင်ဖြစ်သူက ထီလက်မှတ် ထုတ်မပေးသောကြောင့် မင်းကွန်းတိုက်နယ်ရဲစခန်းတွင် ထီကျပ်သိန်း တစ်ထောင်ကံထူးသူ မဇင်မေထွန်းက ထီဆိုင်ပိုင်ရှင်ဖြစ်သူကို လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် ယခင်က အမှုဖွင့်ထားခဲ့ပြီး ယခု တရားမမှုဖြင့် ထပ်မံဖွင့်ထားခြင်းဖြစ်သည်။

“ကျွန်တော့်အယူအဆက ၄၀၆ ယုံကြည် အပ်နှံမှုကို ဖောက်ဖျက်တာပေါ့။ ဒါပေမဲ့ ရဲစ ခန်းက ပနံပါတ်ဖွင့်ပြီး ဆောင်ရွက်နေတာက ၄၂၀ လို့ သိရပါတယ်။ ဒါပေမဲ့ ပြီးတော့မပြီးသေးဘူး။ ဘာလို့ဆို လူတစ်ယောက်က ကိုယ့်ကိုယုံကြည်လို့ အပ်နှံလိုက်တဲ့ ပစ္စည်းပေါ့၊ ဒီ ထီဆိုင်ကနေ ကလေးမက ထီထိုးလိုက်တယ်၊ ထီဖိုးကျသင့်တာ ပေးတဲ့အတွက် အဲဒီထီလက်မှတ်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ အဲဒီထီလက်မှတ် မပေးဘဲနဲ့ သူပိုင်အဖြစ် ပြောင်းလဲပြီး ချက်လက်မှတ်ထုတ်သွားတာ ကျွန်တော်တို့ သိရတယ်။ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်လိုက်တဲ့အတွက် ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာဖြစ်တယ်။ ဒါ ကျွန်တော်မြင်တာပေါ့။ နောက်တစ်ဖက်က ၄၂၀ က သတ် သတ်ဖြစ်မှာပါ။ ပူးတွဲပါနိုင်တယ်။ ဒါက ပြစ်မှုပါ။ တရားမအကြောင်းအရ အခုလိုကျွန်တော် တို့က စွဲရတာ ထီလက်မှတ်ပိုင်ရှင်က မဇင်ဇင် ပဲ။ ကျွန်တော်တို့ အထောက်အထား အသံဖိုင် အကုန်ရှိတယ်။ နောက်တရားလွှတ်တော် ဒေါ်ခင်စိုးဝင်းကိုယ်တိုင်သွားပြီး ဝင်ရောက် ညှိနှိုင်းထားတွေရှိတယ်။ သူတို့ပြောပြတဲ့အ ချက်တွေအရ ထီလက်မှတ်ပိုင်ရှင်က မဇင်မေထွန်းဆိုတာ ငြင်းလို့မရပါဘူး။ ဒါက အလွယ်တကူ ခွင့်ပြုလိုက်လို့မရဘူး။ အဲဒါဆိုရင် ထီလက်မှတ်က အောင်ဘာလေသိန်းဆုဌာန စည်းမျဉ်းအရ ထီလက်မှတ်ပြတဲ့သူက ပိုင်ရှင် ဒါက မှန်တယ်။ ကောက်ရတဲ့သူက ပိုင်ရှင် ဒါဆိုရင် ဓားပြတိုက်ပြီး ထီလက်မှတ်ထုတ်ပြီး ပေးလိုက်မှာလား။ သူခိုးကခိုးပြီး ထုတ်လိုက် ရင်ပေးလိုက်မှာလားဆိုတဲ့ ဥပဒေ ပြဿနာရှိတယ်။ ဒါတွေကို ရှင်းဖို့အချိန်တန်ပြီး တရားမျှ တမှုအတွက် ဒီအမှုကို ကျွန်တော်တို့ လိုက်ပါ ဆောင်ရွက်ပေးခြင်း ဖြစ်တယ်။ ထီလက်မှတ် ပျောက်သွားရင် တရားစွဲလို့ရတယ်။ ကိုယ်က ထီထိုးထားပြီး ထီလက်မှတ်ပျောက်သွားပြီး ဘယ်သူ့လက်ထဲမှ ရောက်မသွားဘူးဆိုရင် အောင်ဘာလေ သိန်းဆုဌာန ညွှန်ကြားရေးမှူးကို တရားပြိုင်အဖြစ်ထားပြီး မိမိပေါက်မဲ လက်မှတ် ဒီလောက် ဒီလောက် ပိုင်ရှင်ဖြစ်ကြောင်းကို တရားရုံးကနေ တောင်းရမယ်။ အဲဒီဒီဂရီရရင် အောင်ဘာလေ သိန်းဆုဌာနမှာ ထုတ်ခွင့်ရှိပါတယ်။ အခုဖြစ်စဉ်က မခံနိုင်စရာမို့ ကျွန်တော်တို့က ဝင်ပါရတယ်။ အခုဒီမှာက သူတို့ကပြောတယ် စွဲလို့မရဘူး ထီလက်မှတ် လက်ထဲရှိတဲ့သူသာလျှင် ပိုင်ရှင်ဖြစ်တယ် ဆိုတာ ထုတ်တဲ့နေရာမှာတော့ ဟုတ်တယ်။ အောင်ဘာလေ သိန်းဆုဌာနက ပြဿနာတွေ ရှင်းမပေးဘူး။ ကိုယ့်ဘာသာ တရားရုံးမှာရှင်းကြ၊ အောင်ဘာလေဌာနက ထီလက်မှတ်လာပြရင် ပြတဲ့သူ ထုတ်ပေးလိုက်မှာပဲ။ အဲဒါက အောင်ဘာလေ သိန်းဆုအဆင့် အခုအဆင့်ကမှ ငါတို့ကတောင်းပြီး အဲဒီထီပိုင်ရှင်အစစ်က ဒီကလေးမလေးဖြစ်တယ်။ သက်သေအထောက်အထား အပြည့်အစုံရှိတယ်။ သူတို့ကိုယ်တိုင် ဝန်ခံထားတဲ့ အချက်တွေရှိတယ်။ အဲဒါကြောင့်မို့လို့ ထီလက်မှတ်ပိုင်ရှင်က ဒီကလေးမ ဖြစ်တယ်။ ကြေညာဒီဂရီတောင်းတယ်။ ပြီးတော့ လိမ်ထုတ်သွားတဲ့ပိုက်ဆံ သိန်းတစ်ထောင်နဲ့ နစ်နာကြေး သိန်းတစ်ထောင် စုစုပေါင်း သိန်းနှစ်ထောင် တောင်းမယ်။ ဒီအတွက် တရားမျှတမှုအတွက် ၀ိုင်းကူညီ ဆောင်ရွက်တာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

ထီဆုလက်မှတ် တင်ပြနိုင်မှသာ ဆုငွေထုတ်ယူခွင့်ရှိပြီး ထီလက်မှတ်ဝယ်ယူကြောင်း၊ ပိုင်ဆိုင်ကြောင်း၊ ပျောက်ဆုံးသွားကြောင်းတို့ နှင့်စပ်လျဉ်းသော အချက်များ၊ အငြင်းပွားခြင်းများ၊ ကန့်ကွက်ခြင်းများ စသည်တို့ကို အောင်ဘာလေ သိန်းဆုဌာနခွဲမှ လက်ခံစဉ်းစားပေးမည် မဟုတ်ဘဲ ထီလက်မှတ် မတင်ပြနိုင်ပါက ဆုငွေထုတ်ပေးမည် မဟုတ်ဘဲ ဆုရလက်မှတ် တင်ပြနိုင်သူကိုသာ ဆုငွေရထိုက်သည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲက အသိအမှတ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 


READ NEXT
Cancel OK