Top News

စမ်းသပ်မှုအသစ်များသည် အမေရိကန်၏ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အကူအညီပေးလိမ့်မည်ဟု မြောက်ကိုရီးယား ပြောကြား
24htopnews | January 14, 2025 6:12 AM CST

Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ လုပ်ဆောင်ခဲ့သော စမ်းသပ်မှုအသစ်များသည် အမေရိကန်၏ခြိမ်းခြောက်မှုများကို တန်ပြန်ရာတွင် အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ ကိုရီးယားပြည်သူ့စစ်တပ်မှ စစ်ဦးစီးအဖွဲ့အကြီးအကဲ ပက်ဂျွန်ချုံက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏တာဝေးပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ရာစခန်းဖြစ်သော Sohae ၌ နျူကလီးယားလက်နက်များအား ပိုမိုအားကောင်းစေမည့် နောက်ထပ်အရေးပါသောစမ်းသပ်မှုတစ်ခုကို ဒီဇင်ဘာ ၁၃ ရက်တွင် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားထားသည်။

ဒီဇင်ဘာ ၁၃ ရက်က လုပ်ဆောင်ခဲ့သော စမ်းသပ်မှုသည် သီတင်းပတ်တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် စမ်းသပ်မှုဖြစ်ကာ မည်သည့်လက်နက်အမျိုးအစားဖြစ်သည်ကို တိတိကျကျ မသိရသေးသော အဆိုပါစမ်း သပ်မှုတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများကို အဆင့်မြင့်စေမည့် နည်းပညာများ ပါဝင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

ထိုစမ်းသပ်မှုသည် တိုက်ချင်းပစ်ဒုံးများအတွက် အင်ဂျင်အသစ်တစ်ခုကို စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားစစ်တပ် အရာရှိဟောင်းဖြစ်သူ ကင်ဒုံယုက ဆိုသည်။

မြောက်ကိုရီးယားသည် အလွန်တရာကြီးမားသောစွမ်းအားကို တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး မကြာသေးမီက လုပ်ဆောင်ထား သောစမ်းသပ်မှုများမှ တွေ့ရှိချက်များသည် အမေရိကန်၏နျူကလီးယားခြိမ်းခြောက်မှုများကို တိတိကျကျနှင့် စိတ်ချလက်ချ တုံ့ပြန်နိုင်မည့် လက်နက်သစ်များ တီထွင်ရာတွင် အသုံးချနိုင်လိမ့်မည်ဖြစ်ကြောင်း ပက်ဂျွန်ချုံက ပြောကြားခဲ့သည်။

“အင်အားချိန်ခွင်လျှာညီမျှမှု  အလုံးစုံ သေချာမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးက အ ကာအကွယ်ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလားအလာတွေအတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။ ရန်လိုတဲ့အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စမှုတွေကို နိုင်နိုင်နင်းနင်း ကိုင် တွယ်ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ အ သင့်ဖြစ်နေရမယ်။ ဆွေးနွေးပွဲလမ်းကြောင်း အရ ဖြေရှင်းမှုမျိုးဖြစ်ဖြစ်၊ ထိပ်တိုက်ရင်ဆိုင်မှု အရ ဖြေရှင်းမှုမျိုးဖြစ်ဖြစ် အသင့်ဖြစ်နေရ မယ်။ နိုင်ငံ့ခေါင်းဆောင်ရဲ့ ဘယ်ဆုံးဖြတ် ချက်ကိုမဆို စေ့စပ်သေချာစွာ ထမ်းရွက်ဖို့ ကျွန်တော်တို့စစ်တပ်က အသင့်ရှိနေတယ်။ ကျွန်တော်တို့ကို ရန်စတဲ့ လုပ်ဆောင်ချက် တွေ၊ အပြောအဆိုတွေကို အမေရိကန်နဲ့ တ ခြားရန်လိုတဲ့အင်အားစုတွေက ရှောင်ကြဉ် နေမှသာ ဒီနှစ်ကုန်ကာလကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ် ” ဟု ပက် ၏ပြောကြားချက်ကို မြောက်ကိုရီးယားသတင်းဌာန KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရန် ၀ါရှင်တန်ဘက်မှ လိုက်လျောခြင်း၊ အလျှော့ပေးခြင်းများ မပြုလုပ်ပါက အမေရိကန်အား ဒေါသထွက်စေမည့် ကိစ္စတစ်ခုခု ပြုလုပ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေ သည်ဆိုသည့်အချက်ကို ၎င်း၏စမ်းသပ်မှုများနှင့် ရန်လိုသောသတင်းထုတ်ပြန်ချက်များက အရိပ်အမြွက် ပြနေခြင်းဖြစ်သည်။

မြောက်ကိုရီးယားအရေးဆိုင်ရာ အမေရိကန်သံတမန် စတီဖင်ဘိုင်ဂန်သည် တောင်ကိုရီးယား သမ္မတမွန်းဂျေအင်း၊ အခြားတာဝန်ရှိသူတို့နှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် ဒီဇင်ဘာ ၁၅ ရက်တွင် ဆိုးလ်မြို့သို့ ရောက် ရှိခဲ့သည်။                                            

 

 


READ NEXT
Cancel OK