Top News

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ပိုင်ဆိုင်သည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ရှမ်းလေးကျွန်းကျေးရွာတွင် ဒေသခံများ ဆန္ဒပြ
24htopnews | January 14, 2025 12:12 AM CST

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍  ရှမ်းလေးကျွန်းကျေးရွာတွင် ဒေသခံများက ဇန်နဝါရီ ၁၁ ရက်၌ ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရှမ်းလေးကျွန်းကျေးရွာတွင်  အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (MBCCD) ဥက္ကဌ ဦးမောင်ဝိတ်၏ ၅၂ နှစ်ပြည့် မွေးနေ့ အလှူအဖြစ် ဆောက်လုပ်လှူဒါန်းသည့် ဘုန်းကြီးကျောင်း ရေစက်ချပွဲတွင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးမှုအပေါ် နစ်နာကြေးပေးရန်၊ ရွာပိုင်သုဿန်မြေ အစားပေးရန်နှင့် ရွာအနောက်အဝင်လမ်းကို ပြန်ဖွင့်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းဧရိယာဝန်းကျင် မြေဧက ၂၅ဝဝ ပေါ်တွင် ကနဦးမတည်ငွေ ၅၀၀ ဘီလျံကျပ် ရင်းနှီးမြုပ်နှံ အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါအမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ် ဥက္ကဌအဖြစ် တာဝန်ယူဆောက်ရွက်နေခြင်းဖြစ်ပြီး MBCCD (Mandalay Business Capital City Development) ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးခွင့်မရှိကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သဘောတူညီချက်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် အမရပူရဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်းခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရန် မြေဧရိယာများ လိုက်လံဝယ်ယူခဲ့ပြီး  MBCCD ကုမ္ပဏီက မြေတစ်ဧကလျှင် ကျပ်သိန်း ၁၅၀၀ သတ်မှတ်ကာ စီမံကိန်းဧရိယာ၏ ရာခိုင်နှုန်း ၈၀ ကျော် ဝယ်ယူပြီးဖြစ်ကြောင်း သိရသည်။

 “စီမံကိန်းဆောင်ရွက်တာ (၁၀)နှစ်ဝန်းကျင်လောက်ရှိပါပြီ အမြဲတမ်းဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်။ အခုဆန္ဒပြတဲ့သူတွေမှာ မြေတကယ်ပိုင်တဲ့လူရော ပါရဲ့လား၊ မြေယာပိုင်ဆိုင်တဲ့ သူကော ဘယ်နှစ်ယောက် ပါလဲပေါ့၊ မြေယာနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့နဲ့ စကားပြောဆွေးနွေးလို့ရတယ်၊ အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ ရောင်းချင်တာလား၊ မြို့မြေနဲ့ လဲချင်တာလား၊ ဆန္ဒပြချင်တာလား၊ အနှောက်အယှက်ပြုချင်တာလားဆိုတာတော့ သူ့ရဲ့ရွေးချယ်မှုပဲဖြစ်တယ်။ စီမံကိန်းမြေယာပိုင်ဆိုင်မှုကို ၈၀ ရာခိုင်နှုန်း ဝယ်ယူရရှိထားပြီးဖြစ်ပါတယ်။ စင်ကာပူတို့ နိုင်ငံတကာတို့မှာ ကွန်ဒိုအဟောင်းကို ဖြိုပြီးပြန်ဆောက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်း သဘောတူရင် စင်ကာပူမှာတောင် အသစ်ပြန်ဆောက်လို့ရပါတယ်။ တစ်ခန်း နှစ်ခန်း သဘောမတူရင် အလုပ်လုပ်လို့ မရဘူးဆိုတာတော့ မမျှတဘူးပေါ့ဗျာ၊ နိုင်ငံတကာမှာလည်းမရှိပါဘူး။ ကော်မတီဆိုတာက စီမံကိန်းစတင်ကတည်းကရှိပါတယ်၊ တာဝန်ရှိသူတွေပြောင်းသွားတာပဲရှိပါတယ်။ ဥပဒေလို့သုံးရင် ဘောင်ကျယ်လွန်းပါတယ်။ ကြားရတာလည်း နွေးထွေးမှုမရှိဘူး၊ စီမံကိန်းလုပ်တဲ့လူ (Developer )ကျင့်ဝတ်တွေ လိုက်နာပါတယ်” ဟု စီမံကိန်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇွန်လပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် အမရပူရ ဖွံ့ဖြိုးရေးစီမံကိန်းမှာ အပိုင်း ခုနစ်ပိုင်း ပါဝင်ကာ စီမံကိန်းကာလ ၁၀ နှစ် ကြာမြင့်မည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် စီးပွားရေးဇုန်၊ ဆိပ်ကမ်း၊ ဟိုတယ်ဇုန်၊ လုံးချင်းအိမ်ယာများ၊ စားသောက်ဆိုင်များ၊ နိုင်ငံတကာပညာရေးနှင့် ဆိုင်သည့်ကျောင်းများ၊ ဆေးရုံများပါဝင်မည် ဖြစ်သည်။

“စီမံကိန်းအနေနဲ့ ဇုန် ၇ ဇုန် အပိုင်း ၇ ပိုင်းနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပြောရရင် ဒီဇုန်တွေမှာ စက်ရုံလုပ်ငန်းတွေ ပါဝင်မှာမဟုတ်ပါဘူး။ ပြီးတော့ ဒီစီမံကိန်းတစ်ခုလုံးရဲ့ မြေဧရိယာတွေဟာ သိမ်းဆည်းတာမျိုးမဟုတ်ပဲ အားလုံးကို ဝယ်ယူအကောင်အထည်ဖော်တာဖြစ်ပါတယ်” ဟု စီမံကိန်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းက ပြောကြားသည်။

Pilot Project အနေဖြင့် ဧက ၄၀ ခန့် အားသဲဖို့ကာ အဆောက်အအုံများကို စတင် ဆောက်လုပ်မည်ဟု ယခင်က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည့် စေပိုင်ကုမ္ပဏီ ပိုင်ရှင်ဦးမောင်ဝိတ်သည် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများအား နစကဥက္ကဌက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူရှင်းလင်းပြသခဲ့သည့်ပွဲတွင် လူမြင်ကွင်းသို့ပြန်လည်ထွက်ပေါ်လာပြီး ယင်းပွဲ၌ ဘုရားကြီးတည်ဆောက်ရေးအတွက် အလှူငွေများလည်း ဦးမောင်ဝိတ်က လှုဒါန်းခဲ့သည်ကိုတွေ့ရသည်။

စေပိုင်ကုမ္ပဏီ ပိုင်ရှင်ဦးမောင်ဝိတ်သည် နစကတရားလိုပြသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာငါးသိန်းခွဲပေးအပ်ခဲ့သည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား ထိုင်းနိုင်ငံတွင် ဆေးသွားကုစဉ်က ကျန်းမာရေးစရိတ်အတွက် ငွေကြေးများပေးခဲ့သည်ဟုလည်း ထွက်ဆိုမှုများလည်းပြုလုပ်ခဲ့သည်။

စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်သည်၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

လွတ်မြောက်လာခဲ့သည့် လုပ်ငန်းရှင် မောင်ဝိတ်မှာ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စီမံကိန်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လာခဲ့သည်။

ဦးမောင်ဝိတ်သည် ရန်ကုန်မြို့သစ် စီမံကိန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုအချို့၌ ပါဝင်ပတ်သက်မှုရှိနေသော သတင်းအချို့လည်း ထွက်ပေါ်လျက်ရှိပြီး လုပ်ငန်းရှင် အသိုင်းအဝိုင်းကြားတွင်မူ မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍  ဦးမောင်ဝိတ် ဆက်စပ်ပါဝင်မှုရှိ မရှိတိတိကျကျမသိနိုင်သည့်အခြေအနေတွင်ဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

ထို့ပြင် ဦးမောင်ဝိတ်မှာ ၂၀၁၇ ခုနှစ်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့အား ကျပ်သိန်း ငါးထောင် တန်ဖိုးရှိ ရွှေဂဲရေဆိုး သန့်စင်စက်ရုံကိုလည်း လှူဒါန်းခဲ့ပြီး ယင်းစက်ရုံမှာ အမရပူရမြို့သစ်စီမံကိန်းထဲတွင် တစ်ခုအပါအဝင် လည်းဖြစ်သည်။

အမရပူရမြို့သစ်စီမံကိန်းမှာ မန္တလေးမြို့ခံလူထုများအကြားတွင် ဝေဖန်မှုများမြင့် တက်ခဲ့သည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်။

လုပ်ငန်းရှင် ဦးမောင်ဝိတ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ အလှူအတန်းများလည်း ပြုလုပ်ခဲ့ပြီးထင်ရှားသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၉ ခုနှစ်က အမရပူရမြို့နယ် မဟာဝိဇယံသီပုထိုးတော်ကြီးမြတ်စွာဘုရားကို သတ္တမအကြိမ် ထီးတော်တင်လှူခဲ့သည်။

 


READ NEXT
Cancel OK