Top News

အန္တရာယ်များသောလေများ တိုက်နေခြင်းနှင့်အတူ လော့အိန်းဂျလိစ် တောမီးကြောင့် သေဆုံးသူ ၂၄ ဦး အထိရှိလာ
24htopnews | January 13, 2025 8:12 PM CST

မီးတောက်များကို နောက်ထပ်လျင်မြန်စွာ ရွေ့လျားစေနိုင်သော အန္တရာယ်ရှိသည့်လေတို့ တိုက်လာသည်ဟု တာဝန်ရှိသူများက သတိပေးထားခြင်းနှင့်အတူ လော့အိန်းဂျလိစ်မြို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသော တောမီးကြီးကြောင့် ဇန်နဝါရီ ၁၂ ရက်တွင် သေဆုံးသူ ၂၄ ဦးအထိ မြင့်တက်လာခဲ့သည်။

မီးများသည် အမေရိကန်ပြည်ထောင်စု၏ ဒုတိယအကြီးဆုံးမြို့ကို ဆဌမမြောက်နေ့ ဆက်လက်လောင်နေသောကြောင့် မြို့ရွာတို့သည် အပျက်အစီးပုံကြီးဖြစ်ခဲ့ရကာ ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ရသည်။

အင်နှင့်အားနှင့် မီးငြိှမ်းသတ်မှုများက အထက်တန်းစားရပ်ကွက် ဘရန့်ဝုဒ်နှင့် လူနေသိပ်သည်းသော ဆန်ဖာနန်ဒိုဗယ်လေတို့ကို ရောက်လာနိုင်သည့် ပါလစ်ဆာဒက် တောမီးကူးစက်မှုကို ဟန့်တားခဲ့သည်။

သို့သော်လည်း ပြင်းထန်သော မီး၏ အနေအထားနှင့်လူ့အသက်ကို ခြိမ်းခြောက်သော အခြေအနေတို့ လာမည့်ရက်ပိုင်းအတွင်းရှိလာနိုင်ခြင်းနှင့်အတူ အခြေအနေတို့သည် သိသိသာသာ ဆိုးရွားလာရန်ရှိနေသည်။

တစ်နာရီမိုင် ၇၀(ကီလိုမီတာ ၁၁၀) အထိရှိသောလေများက အထူးသဖြင့် အန္တရာယ်များသော အခြေအနေ (PDS)ဆိုသည့် အဓိပ္ပာယ်ဖြစ်နေသောကြောင့် ယင်းအခြေအနေကို ဇန်နဝါရီ ၁၃ ရက် စောစောပိုင်းမှစတင်၍ ကြေညာသွားမည်ဟု အမျိုးသားမိုးလေဝသဌာနက မိုးလေဝသပညာရှင် ရို့စ်ရွှန်းဖဲလ်က ပြောကြားခဲ့သည်။

အဆိုပါလေပြင်းများက မီးတောက်များကို မီးလောင်ရာလေပင့်လုပ်နိုင်ပြီး လက်ရှိလောင်ကျွမ်းထားသော နေရာများမှ မီးစတို့သည် နေရာသစ်များသို့ ရွေ့သွားနိုင်သည်ဟု မီးသတ်သမားများက သတိပေးထားသည်။

လော့အိန်းဂျလိစ်ကောင်တီမီးသတ်ဌာနအကြီးအကဲ အန်သိုနီမာရွန်းက ၎င်း၏ဌာနသည် ရေသယ်ယာဉ်အသစ် ဒါဇင်ပေါင်းများစွာနှင့် ရပ်ဝေးမှရောက်လာသော မီးသတ်သမားများအပါအဝင် အင်အားအရင်းအမြစ်များကို လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ပြန်လည်ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်တွင် မီးများ စတင်လောင်ကျွမ်းချိန်တုန်းက ပုံစံအတိုင်း မီးသတ်ဆေးမှုန့်များ ထပ်မံကုန်ခန်းသွားခြင်း ရှိမရှိ မေးမြန်းသည့်အခါ မြို့တော်ဝန်ကာရင်ဘက်စ်က “မြို့ဟာ အသင့်ပြင်ဆင်ထားတယ်လို့ ယုံကြည်ပါတယ်” ဟု ဖြေကြားခဲ့သည်။

လေများ အရှိန်လျော့သွားမည့်အနည်းဆုံး ဇန်နဝါရီ ၁၆ ရက်အထိ အိမ်ပြန်မလာရန် ပြောကြားခံထားရသော နေရပ်စွန့်ခွာရသူများအတွက် စိတ်ပျက်စရာဖြစ်သည်။

ဆေးဝါများ အပြေးအလွှားပြန်ယူရန် သို့မဟုတ် အဝတ်အစား အပြေးအလွှားလဲရန် အိမ်ပြန်ရေး မျှော်လင့်ချက်ဖြင့် လူအချို့သည် နာရီပေါင်းများစွာ တန်းစီနေကြရသည်။

သေဆုံးသူများ၏အလောင်းများကို ပြန်သယ်ရန် လိုအပ်နေသည်သာမက အပျက်အစီးများကြားထဲ အန္တရာယ်များသော အခြေအနေအများနှင့်လေပြင်းများကြောင့်လည်း ထိုနေရာများသို့ အစောင့်အရှောက်များဖြင့် သွားခြင်းကို ဇန်နဝါရီ ၁၂ ရက်တွင် ဆိုင်းငံ့ထားခဲ့သည်ဟု ဥပဒေထိန်းသိမ်းရေးအရာရှိ ရောဘတ်လူနာက ပြောကြားခဲ့သည်။

လူသေအလောင်းအနံ့ခံသော ခွေးများ ပါသည့် အဖွဲ့များက အတည်ပြုထားသော သေဆုံးစာရင်း မြင့်တက်လာလိမ့်မည်ဟူသော စိတ်မကောင်းစရာ မျှော်လင့်ချက်ဖြင့် အကွက်ချ ရှာဖွေမှုများကို လုပ်ဆောင်လျက်ရှိသည်။

အိမ်များထဲမှ ပစ္စည်းများ ခိုးယူရန် မီးသတ်သမားပုံစံဝတ်ထားသော ဖောက်ထွင်းသမားတစ်ဦးအပါအဝင် ဖောက်ထွင်း ခိုးယူသူများ အချို့ကို ဖမ်းဆီးခဲ့သည်။

နေရပ်စွန့်ခွာခဲ့ရသူများ နေထိုင်သည့် နေရာများတွင် ညမထွက်ရ အမိန့်ကို သက်တမ်းတိုးထားပြီး နောက်ထပ် အမျိုးသားအ စောင့်တပ်အင်အားကို မေတ္တာရပ်ခံထားသည်ဟု သိရသည်။


READ NEXT
Cancel OK