
၂၀၂၄- ၂၀၂၅ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) ကို ပြီးခဲ့သည့်ဇန်နဝါရီ ၁၀၊ ၁၁၊ ၁၂ ရက်များက ကျင်းပခဲ့ပြီး မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်သည် နီဂရီဆမ်ဘီလန်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
နီဂရီဆမ်ဘီလန်အသင်းသည် ဇန်နဝါရီ ၁၀ ရက်က ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) အဖြစ် အိမ်ကွင်းတွင် ဆရီပါဟန်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် နီဂရီဆမ်ဘီလန်အသင်းသည် ဆရီပါဟန်းအသင်းကို ပွဲကစားချိန်(၈) မိနစ်မှာပင် ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်က ပွဲကစားချိန်(၄၄) မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ပြန်လျှံ ထွက်လာသည့်ဘောလုံးကို ပိတ်သွင်းနိုင်ခဲ့သောကြောင့် ချေပဂိုးရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင်းမူ နီဂရီဆမ်ဘီလန်အသင်းက ဆရီပါဟန်းအသင်းကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် နီဂရီဆမ်ဘီလန်အသင်းက(၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဟိန်းထက်အောင်၏ နီဂရီဆမ်ဘီလန်အသင်းသည် ယခုပွဲမတိုင်မီ အမှတ်ပေးဇယားအောက်ဆုံးနေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိနေလျက်ရှိသည်။
နီဂရီဆမ်ဘီလန်အသင်းသည် ယခုပွဲ အနိုင်ရရှိမှုကြောင့် အမှတ်ပေးဇယားတွင် အဆင့်(၁၂) နေရာသို့ ရောက်ရှိလာပြီး တန်းမဆင်းရရန် လက်ကျန်ပွဲများတွင် အနိုင်ရရန် ဆက်လက်ရုန်းကန်ရမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်အောင်သည် ယခုပွဲတွင် နီဂရီဆမ်ဘီလန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် အလွန်အဖိုးတန်သည့် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဟိန်းထက်အောင်သည် ယခုရာသီတွင် နီဂရီဆမ်ဘီလန်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားပြီး ပွဲစဉ်(၂) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် လက်ရှိချန်ပီယံ ဂျိုဟိုးလ်ဒါရူးလ်အသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဝေးကွင်းပွဲတွင် တစ်ဂိုးသွင်းယူပေးထားသည်။
ဟိန်းထက်အောင်သည် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်း၏ ကစားသမားဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီကတည်းက နီဂရီဆမ်ဘီလန်အသင်းတွင် အငှားလာရောက်ကစားနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်