Top News

၂၀၀၅ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အောင်မြင်ခဲ့ပါက လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက် ပေးခဲ့မှုများကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌ ပြောကြာ
24htopnews | January 13, 2025 6:12 PM CST

၂၀၀၅ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အောင်မြင်ခဲ့ပါက လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား  ဇန်နဝါရီ ၁၁ ရက် တွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်မှ ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှာလည်း ကန့်ကွက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ရပ်တန့်သွားရခြင်းများလည်း ရှိကြောင်း၊ ၂၀၀၅ ခုနှစ်ကစတင်၍ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းစီမံကိန်းများ အောင်မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိနေမည်ဖြစ်ကြောင်း၊ သို့သော်လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း စီမံကိန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သည့် လျှပ်စစ်မီး လိုအပ်ချက်များနှင့်ပတ် သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် စွမ်းအားပြည့် ထုတ်လုပ်နိုင်မှုမရှိခြင်း၊ အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များ လုံလောက်စွာရရှိမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌက မိမိတို့တာဝန်ယူချိန်တွင် လျှပ်စစ်နှင့်ပတ်သက်၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်းအောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ  လျှပ်စစ်မီးများ လုံလောက် စွာရရှိလာနိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုတွင်ပါဝင်သည့် စက်သုံးဆီများကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အဝတ်အထည်များကို အသုံး ပြုပြီး ပြည်တွင်းဖြစ်ကိုအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်မည်၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဖြစ်ကိုအားပေး၍ နိုင်ငံ့စီးပွားရေးကို ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် စိုက်ပျိုးမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့်မသက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန်လိုပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့စိုက်ပျိုးမြေရယူထားသူများ အနေဖြင့် စိုက်ပျိုးမြေများပေါ်တွင် သတ်မှတ်ချက်ထက်ကျော်လွန်သည့် အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ခြံကွက်များပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့်အသုံးပြုရာတွင် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရယူဆောင် ရွက်ရန်လိုကြောင်း၊ မြေအသုံးချမှုများ စည်းကမ်းတကျဖြစ်စေရေး တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင် သည့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မှထွက်ရှိသည့် နို့ထွက်ပစ္စည်းများသည် အဆင့်အတန်းတစ်ခုတွင် ရှိသည်ကိုတွေ့ရှိရသဖြင့် လက်ရှိထုတ်လုပ်နေသည့် ထုတ်ကုန်များအပြင် အခြား နို့ထွက်ပစ္စည်း စားသောက်ကုန်အမယ်သစ်များကို ဆက်လက်ထုတ်လုပ်သွားမည်ဆိုပါက ယခုထက် ပိုမိုအောင်မြင်တိုးတက်လာနိုင်မည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

စားသောက်ကုန် လုပ်ငန်းတွင်ပါဝင်သည့် ဝိုင်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင်လည်း အဆင့်မြင့်ဝိုင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ကော်ဖီသည်လည်း အရည်အသွေး ကောင်းမွန်ပြီး ဈေးကွက်တစ်ခုရရှိထားပြီးဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့တွင်ရှိပြီးဖြစ်သည့် အခြေခံစိုက်ပျိုးရေးထွက်ကုန်များကို အသုံးပြု၍ စားသောက်ကုန်ပစ္စည်းများကို အရည်အသွေး ပြည့်မီစွာဖြင့် ထုတ်လုပ်သွားရန်လိုကြောင်း၊ အလားတူ ပြင်ဦးလွင်မြို့ တွင် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်လည်း အခြေခံကောင်းများရှိပြီး ဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများအောင်မြင်တိုးတက်အောင် ဆောင်ရွက်ပြီး အေးခဲအသားထုတ်လုပ်မှုများ ထုတ်လုပ်နိုင်သည့်အထိဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၄ ခုနှစ်အတွင်း ပြင်ဦးလွင်ဒေသသို့ ရောက်ရှိစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဦးလွင်ခရိုင် ဖွံ့ဖြိုးတိုး တက်ရေး၊ ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များက လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ တွေ့ကြုံနေရသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် လုပ်ငန်း လိုအပ်ချက်များ၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျစေရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ် ချက်များကို ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းများ ဆောင်ရွက်ရာ၌ လျှပ်စစ်မီးလိုအပ်ချက်အပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင်လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လာမည့် ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းထုတ်ကုန်ပြပွဲကို နေပြည်တော်၌ ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးသွားမည်အခြေအနေများ၊ နိုင်ငံတော်အစိုးရ အနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင် ရွက်လျက်ရှိမှု၊ စိုက်ပျိုးမြေလျှောက်ထားမှုနှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ၊ မူဝါများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးခြင်းသည် အရိပ်ရအပင်များကိုပါ ထည့်သွင်းစိုက်ပျိုးရသည်ဖြစ်သဖြင့် Green Economy ကိုဖော်ဆောင်နေခြင်းပင်ဖြစ်သဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည့် အခြေအနေများ၊ ပြင်ဦးလွင်ခရိုင်အနေဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ရှိသဖြင့် ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး စိမ်းလန်းစိုပြေသည့် နဂိုရှိရင်းစွဲ အရင်းအမြစ်အလှအပများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြကြောင်း သိရသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသ၏လူမှုရေးနှင့် စီးပွားရေးကောင်းမွန်စေရေး အလေးထား ဆောင် ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းကပြသထားသည့် ဒေသထွက် ကော်ဖီထုတ်ကုန် များနှင့် ဒေသထွက်စားသောက်ကုန်ပစ္စည်းများကို လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ရှိသူ များက ပြခန်းများအလိုက် လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြပြီး အမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်(၁၇)ကြိမ်မြောက် ပန်းပွဲတော် အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK