Top News

တရုတ်သရုပ်ဆောင် ပြန်ပေးဆွဲခံရမှုဖြစ်ပြီးနောက် တရုတ်ခရီးသွားများက နှစ်သစ်ကူး ထိုင်းခရီးစဉ်များကို ဖျက်သိမ်းလာ
24htopnews | January 13, 2025 6:12 PM CST

မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူး ကာလအတွင်း ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ရန် စီစဉ်ထားသည့် တရုတ်ခရီးသွား အများစုက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းကို ယခုတစ်ပတ် ဆိုရှယ်မီဒီယာတွင် ဖော်ထုတ်ပြောဆိုလာကြသည်။

ရိုက်ကူးရေးအတွက်ဟုဆိုကာ ဝမ်ရှင်းဆိုသည့် မထင်မရှား တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်းနိုင်ငံသို့ ရောက်လာပြီး လူကုန်ကူးခံရကာ ပြန်လွတ်မြောက်လာသည့် သတင်းများထွက်လာပြီးသည့်နောက်တွင် တရုတ်ခရီးသွားများက ထိုင်းသို့သွားလည်ရမည်ကို စိုးရိမ်လာကြခြင်းဖြစ်သည်။

တရုတ်နှစ်ကူး ခရီးသွားရာသီကလည်း နီးကပ်လာပြီဖြစ်ပြီး  တရုတ်လူမှုကွန်ရက် Xiaohongshu တွင် “ထိုင်းခရီးစဉ်ကို ဘယ်လိုဖျက်ရမလဲ စာသားပါပို့စ်များ သိန်းနှင့်ချီ တက်လာခဲ့သည်။

ကျဲ့ကျန်းပြည်နယ်နေ တရုတ်အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ မိန်းကလေး သူငယ်ချင်းသုံးဦးနှင့်အတူ ထိုင်းသို့သွားလည်ရန် စီစဉ်ထားပြီးမှ ဝမ်ရှင်းဖြစ်စဉ် ကြားလိုက်ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းရန် အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။

တရုတ်အွန်လိုင်း ခရီးသွားအေးဂျင့်ကုမ္ပဏီ Ctrip မှ မန်နေဂျာတစ်ဦးကလည်း  ဝမ်ရှင်းဖြစ်စဉ်ကြောင့် ထိုင်းခရီးစဉ်အတွက် ကြိုတင်ဘိုကင်တင်မှုများ ကျသွားသည်ဟု ပြောသည်။

ဝမ်သည် တရုတ်လူစိမ်းတစ်ဦး၏ လှည့်ဖြားသွေးဆောင်မှုဖြင့် ထိုင်းသို့ရောက်လာပြီးနောက် မြန်မာနယ်စပ် မြဝတီမြို့သို့ အပို့ခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ လူစိမ်းဆိုသူက ၎င်းသည် နာမည်ကျော် ထိုင်းဖျော်ဖြေရေး ကုမ္ပဏီတစ်ခုမှဟု အယုံသွင်းကာ ဝမ်ကို အလုပ်ကမ်းလှမ်းခဲ့သည်။

ပြန်လွတ်လာပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းအရာရှိတစ်ဦးက ဝမ်ရှင်းအား ထိုင်းသို့ ထပ်မံလာလည်ရန် စိတ်ကူးရှိမရှိ မေးမြန်းသည့်အခါ “ ထိုင်းနိုင်ငံက လုံခြုံပါတယ်။ ကျွန်တော်ထပ်လာခဲ့ပါမယ်ဟု ဝမ်က အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာစကားဖြင့် ဖြေခဲ့သည်။

ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း  ထိုင်းသို့ တရုတ်ခရီးသွားဧည့်သည် ၆.၇၃ သန်း ရောက်လာခဲ့ပြီး ထိုင်းသို့ လာရောက်လည်ပတ်မှုတွင် တရုတ်နိုင်ငံသား ခရီးသည်က အများဆုံးဖြစ်ကာ ၎င်း၏နောက်တွင် မလေးရှား ၊ အိန္ဒိယ ၊ တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့မှ ဧည့်သည်များ အများဆုံး လာရောက်လည်ပတ်ကြသည်။ 

Ref :Bangkok Post


READ NEXT
Cancel OK