Top News

PSG နောက်ခံလူ နူနိုမန်ဒက်စ်ကို ခေါ်ယူရန် မန်ယူအသင်း ကြိုးပမ်းနေပြီး ဂါနာချိုနှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း မီဒီယာများ ဖော်ပြ
24htopnews | January 13, 2025 6:12 PM CST

မန်ယူအသင်းသည် PSG အသင်းမှ ပေါ်တူဂီလက်ရွေးစင် ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီး အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုနှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့သည်။

မန်ယူနည်းပြ အာမိုရင်မ်သည် ၎င်း၏ကစားကွက်နှင့် ကိုက်ညီမည့် ကစားသမားများကို ခေါ်ယူအားဖြည့်ရန် ကြိုးပမ်းလျက်ရှိရာ နူနိုမန်ဒက်စ်မှာ နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်နေကြောင်း သိရသည်။

နူနိုမန်ဒက်စ်(၂၂ နှစ်)သည် အာမိုရင်မ် စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်စဉ်က လူငယ်အသင်းမှ အသင်းကြီးထံ ခေါ်ယူခြင်းခံခဲ့ရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုအခါ အာမိုရင်မ်က မန်ယူအသင်းတွင် ပြန်လည်လက်တွဲရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

နူနိုမန်ဒက်စ်သည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

၎င်းအနေဖြင့် PSG အသင်းနှင့် သက်တမ်းတိုးလိုခြင်းမရှိဘဲ အသင်းပြောင်းရွှေ့ရန် လိုလားနေသည့်အတွက် PSG အသင်းကလည်း ၎င်းကို ရောင်းထုတ်ရန် လိုလားနေကြောင်း သိရသည်။

သို့သော် PSG အသင်းသည် ၎င်းတို့ ဝယ်ယူစဉ်က ယူရိုသန်း(၄၀)ဝန်းကျင် ပေးချေခဲ့ရသည့် နူနိုမန်ဒက်စ်အတွက် ယူရို(၆၅)သန်းဝန်းကျင် ရရှိမှသာ ရောင်းထုတ်လိုကြောင်း သိရသည်။

ထို့ ကြောင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ငွေကြေးသုံးစွဲနိုင်ခြင်းမရှိသော မန်ယူနည်းပြ အာမိုရင်မ်က ဂါနာချို နှင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာမိုရင်မ်သည် ဂါနာချိုကို အာဆင်နယ်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် FA ဖလားတတိယအဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် သုံးစွဲခဲ့သော်လည်း ယင်းပွဲမတိုင်မီက လူစာရင်းမှ ချန်လှပ်မှုများ ပြုလုပ်ခဲ့သည်။

ထို့ ကြောင့် ဂါနာချိုမှာ မန်ယူအသင်းမှ ရောင်းထုတ်ခံရရန် သေချာနေပြီဖြစ်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိခဲ့သည်။

ဂါနာချိုကို လက်ရှိအချိန်တွင် နာပိုလီအသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ခွာရတ်စကယ်လီယာအား ဆုံးရှုံးခဲ့ရပါက ဂါနာချိုအား အရခေါ်ယူရန် နာပိုလီနည်းပြ ကွန်တီက ဆုံးဖြတ်ထားကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

ဂါနာချိုနှင့် ခွာရတ်စကယ်လီယာတို့မှာ ကစားသည့်နေရာချင်း တူညီသည့် ကစားသမားများဖြစ်ပြီး လက်ရှိအချိန်၌ ခွာရတ်စကယ်လီယာကို ခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်းမှာ PSG အသင်းဖြစ်သည်။

သို့ ဖြစ်ရာ PSG အသင်းသည် ခွာရတ်စကယ်လီယာကို ခေါ်ယူနိုင်ခဲ့ပါက မန်ယူအသင်း၏ ဂါနာချိုနှင့် ကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိကြောင်းလည်း သိရသည်။

ယင်းသို့ ဖြစ်လာခဲ့ပါက မန်ယူအသင်းသည် ဂါနာချိုအား နာပိုလီအသင်းထံ ရောင်းထုတ်ပြီး ရရှိသည့်ငွေကြေးဖြင့်သာ နူနိုမန်ဒက်စ်ကို ပြန်လည်ကမ်းလှမ်းရမည်ဖြစ်သည်။

မန်ယူနည်းပြ အာမိုရင်မ်သည် ၎င်းအလိုရှိသည့် ကစားသမားသစ်များ  ခေါ်ယူအားဖြည့်နိုင်ရန်အတွက် လက်ရှိအသင်းမှ ကစားသမားများအတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK