Top News

ဖိလစ်ပိုင်သမ္မတက Lockdown ချထားမှုကို သီတင်းပတ် ကိုးပတ်ကျော် သက်တမ်းတိုးမည်
24htopnews | January 13, 2025 5:12 PM CST

ဖိလစ်ပိုင်ရှိ နယ်မြေဒေသအချို့တွင် Lockdown ချထားမှုကို သီတင်းပတ် ကိုးပတ်ကျော် ထပ်တိုးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်။

ကန့်သတ်ထိန်းချုပ်ခြင်းနှင့် စီးပွားရေး ထိခိုက်မှုသက်သာစေရန် လုပ်ငန်းအချို့ကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်ခွင့်ပြုခြင်းတို့အကြား ဟန်ချက်ညီစေရန် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းနေကြစဉ် ဖိလစ်ပိုင်၏ Lockdown ကာလ ထပ်တိုးမည့်အစီအစဉ်က ပိတ်ပင်ကန့်သတ်မှုများကို ဖြေလျှော့ပေးနေသော ကမ္ဘာလုံးဆိုင်ရာ ဦးတည်ချက်ကို ဆန့်ကျင်မည့်အသွင်ရှိသည်။

မေ ၁၂ ရက် နံနက်ခင်းတွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှထုတ်လွှင့်သော COVID-19 ကာကွယ်ရေး အထူးလုပ်ငန်းအဖွဲ့နှင့် ဆွေးနွေးပွဲအတွင်း သမ္မတဒူတာတေးက Lockdown ကာလ တိုးမြှင့်မည့်အကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သော်လည်း မည်သည့်ဒေသတွင် Lockdown ချထားမှု ဖြေလျှော့မည် သို့မဟုတ် ယခင်အတိုင်း ဆက်လက်ထားရှိမည်၊ အချိန်မည်မျှအထိ ထားရှိမည်ဆိုသည်ကို တိတိကျကျ ပြောကြားခဲ့ခြင်းမရှိပေ။ ကြေညာချက်အသေးစိတ်ကို မေ ၁၂ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်လိမ့်မည်ဟု ခန့်မှန်းရသည်။

မြို့တော်မနီလာတွင် Lockdown ကာလကို သီတင်းနှစ်ပတ် ထပ်တိုးခဲ့မှုသည် ကန့်သတ်ထိန်းချုပ်မှု စီမံဆောင်ရွက်မှုများကို သီတင်း ၁၁ ပတ် သို့မဟုတ် ရက် ၈၀ အထိ ရှည်ကြာစေလိမ့်ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ရောဂါခြေချုပ်ထားရှိသည့် ကာလ ၇၆ ရက်ထက် ပိုမိုရှည်ကြာလိမ့် မည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၀၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၆ ဦးရှိသည်။ သို့သော် လူ ၁၅၈၀၀၀ ကိုသာ ရောဂါပိုးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ထားရာ အခြားနိုင်ငံများနှင့်ယှဉ်ပါက ရောဂါပိုး စမ်းသပ်စစ်ဆေးမှု အရေအတွက်မှာ များစွာနည်းပါးနေခြင်းကြောင့် နိုင်ငံတွင်း၌ ရောဂါပိုးကူးစက်မှုနှုန်းကို အတိအကျ ခန့်မှန်းရန် ခက်ခဲနေသည်။ ရောဂါပိုး စမ်းသပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ဖိလစ်ပိုင်၌ မကြာသေးမီ သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် တစ်နေ့လျှင် လူ ၁၅၀ မှ ၃၀၀ အထိ တဖြည်းဖြည်း မြင့်တက်ခဲ့သည်။

ဒေသအချို့တွင် ကန့်သတ်ထိန်းချုပ်မှု စီမံချက်များကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ သို့သော် သတိဖြင့်ပြုမူနေထိုင်ရန်လိုအပ်ကြောင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်းသည် မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ဒူတာတေးက ဆိုသည်။

“ကန့်သတ်ထိန်းချုပ်မှုတွေ တဖြည်းဖြည်းချင်းဖြေလျှော့ပေးတာက COVID-19 လုံးဝ ဖြစ်မလာတော့ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း သို့မဟုတ် တတိယလှိုင်းဖြစ်လာမှာကို ကျွန်တော်တို့ ခံနိုင်ရည်မရှိဘူး” ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Lockdown ချထားမှုကြောင့် နိုင်ငံ့စီးပွားရေးကို ကျဆင်းစေခြင်း၊ သုံးစွဲမှု လျော့ကျစေခြင်းနှင့် ဆယ်စုနှစ်နှစ်ခုအထိ အဟန့်အတားမရှိဘဲ ဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံ့စီးပွားရေးကို ယခုနှစ်ပထမသုံးလအတွင်း အဟန့်အတားဖြစ်စေခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်နှင့်ယှဉ်ပါက ၀.၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့ရာ စီးပွားရေး ၃.၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟူသော ဘောဂဗေဒပညာရှင်များ၏ခန့်မှန်းချက်ထက် များစွာလျော့ နည်းလျက်ရှိသည်။

လူဦးရေ ၁၃ သန်းထက်မနည်းနေထိုင်ပြီး တရားမဝင်နေထိုင်သူ သန်းပေါင်းများစွာရှိသော မနီလာမြို့သည် ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ COVID-19 အတည်ပြုလူနာ စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းမှာ မနီလာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

Lockdown ချထားသည့် မနီလာမြို့နှင့် အခြားသောမြို့ကြီးများ၌ အိမ်တွင် သီးခြားနေထိုင်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ထိန်းချုပ်ခြင်း၊ လူဝင်မှုထိန်းချုပ်ခြင်း၊ အိမ်ပြင်ထွက်၍ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကို ပိတ်ပင်ခြင်း၊ မရှိမဖြစ် လည်ပတ်ရမည့် လုပ်ငန်းကဏ္ဍများတွင် အလုပ်လုပ်ကိုင်ကြသော အလုပ်သမားများကို လှုပ်ရှားသွားလာမှုကန့်သတ်ခြင်း၊ အိမ်ထောင်စုတစ်စုလျှင် လူတစ်ဦးနှုန်းသာ စျေးဝယ်ထွက်ခြင်း၊ ဆေးဝယ်ခြင်း သို့မဟုတ် ဆေးခန်းပြခြင်းတို့ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားသည်။

နိုင်ငံတွင်းသို့ ဝင်ရောက်လာသော တရုတ်ခရီးသွားသုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖိလစ်ပိုင်သည် တရုတ်သို့ အသွား၊ အပြန် လေကြောင်းခရီးစဉ် ပြေးဆွဲမှုများကို ဦးဆုံးပိတ်ပင်ခဲ့သည့် နိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။ နိုင်ငံတွင်းရှိ နယ်မြေဒေသအချို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းငယ်သာရှိသော်လည်း ဖိလစ်ပိုင်သည် တရုတ်နှင့်အီတလီပြီးပါက အိမ်ထဲတွင် သီးခြားစောင့်ကြည့်နေထိုင်ရေးအမိန့်ကို ထုတ်ပြန်သော တတိမြောက်နိုင်ငံဖြစ်သည်။

 


READ NEXT
Cancel OK