Top News

ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းကို စိုးရိမ်သောကြောင့် ဆိုးလ်မြို့တွင် ဘားနှင့် ကလပ်များအားလုံး ပိတ်ထားရမည်ဟု မြို့တော်ဝန် ညွှန်ကြား
24htopnews | January 13, 2025 5:12 PM CST

ဗိုင်းရပ်စ်ကူးစက်မှုသစ်တွေ့ရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်း ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် တောင်ကိုရီးယား၏ မြို့တော် ဆိုးလ်တွင် ကလပ်နှင့် ဘားအားလုံး ပိတ်ပစ်ရန် မြို့တော်ဝန်က ညွှန်ကြားခဲ့ပြီး သမ္မတ မွန်းဂျေအင်းက လူထုကို   သတိဝီရိယရှိကြရန် တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်စ်ထိန်းချုပ်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံပြ  တစ်ခုအဖြစ် နမူနာပြခံထားရသော်လည်း  ဆိုးလ်ရှိ ညအချိန်လူစည်ကားရာအရပ်များထဲမှ တစ်ခုဖြစ်သည့် အီတေးဝမ်တွင်  လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်မှုသစ် ဖြစ်ပွားခဲ့ပြီး နောက် မေ ၉ ရက်တွင် ဆိုးလ်မြို့တော်ဝန်က ယင်းညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ အီတေး ဝမ်ရှိ ကလပ်နှင့် ဘားငါးခုသို့ သွားရောက်ခဲ့ ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ် ဆေးတွေ့ရှိခဲ့သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားနှင့် ဆက်စပ်လျက် ဗိုင်းရပ်စ်ကူး စက်ခံရသူဦးရေသည် ယခုအခါ ၅၀ ကျော် ရှိလာပြီ ဖြစ်သည်။

“သတိမမူမှုတွေက ကူးစက်မှု တစ်ဟုန် ထိုး တိုးပွားလာမှု ဖြစ်ဖို့ ဦးတည်လာနိုင်တယ်” ဟု ဆိုးလ်မြို့တော်ဝန် ပက်ဝန်ဆွန်းက ပြော ကြားခဲ့သည်။ ယင်းညွှန်ကြားချက်သည် အချိန်အကန့်အသတ်မရှိ အသက်ဝင်နေဦး မည်ဟု ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ ၁၂ သန်းခန့်ရှိသည့် ဆိုးလ်နှင့် အနီးဝန်းကျင်ရှိ ဂျောင်ဂီပြည်နယ်တွင်လည်း ဖျော်ဖြေရေးအဆောက်အအုံ ၅,၇၀၀ တွင် လုပ်ငန်းလည်ပတ်မှုများကို မေ ၁ဝရက်မှ စပြီး သီတင်းနှစ်ပတ်ကြာ ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။

လူ ၇,၂၀၀ ခန့်သည် ယင်းဖျော်ဖြေရေး နေရာငါးခုသို့ သွားရောက်ခဲ့သဖြင့် ကျန်းမာရေးအာဏာပိုင်များက ဗိုင်းရပ်စ်ကူးစက်မှု နောက်ထပ်ဖြစ်ပွားနိုင်မှုကို သတိပေးခဲ့ပြီး  ယင်းနေရာများသို့ သွားရောက်ခဲ့သူများကို စစ်ဆေးမှုခံယူရန် တောင်းဆိုခဲ့သည်။

မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၃၄ ဦးတွင် ၂၄ ဦး သည် အီတေးဝမ် အစုလိုက်အပြုံလိုက် ကူးစက်မှုနှင့်ဆက်စပ်မှုရှိသည်ဟု ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရက ဧပြီ ၂၉ ရက်တွင် Social Distancing စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပြီး တောင်ကိုရီးယားတွင် နေ့စဉ်နေထိုင်မှု ဘဝသည် ပုံမှန်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာချိန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လူအစုလိုက်ကူးစက်မှုသစ်က တည်ငြိမ်မှုဖြစ်နေသည့်အဆင့်တွင်  အလားတူ အခြေအနေများ အချိန်မရွေး ထပ်မံဖြစ်ပေါ် လာနိုင်ခြင်းကို သတိပေးခဲ့သည်ဟု သမ္မတ မွန်းက မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ် နိဂုံးမချုပ်မချင်း ကူးစက်ခံရမှုက ပြီးဆုံးမှာ မဟုတ်ဘူး” ဟု မွန်းက  သမ္မ တတာဝန်ယူခဲ့သည့် သုံးနှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရ၏ ဗိုင်းရပ်စ်ကိုင်တွယ်ဖြေရှင်းမှု၏ ပံ့ပိုးမှုကြောင့် မွန်းသည် လူထုထောက်ခံမှုမြင့်တက်လာပြီး ပြီးခဲ့သည့်လက ပြုလုပ် ခဲ့သည့် ပါလီမန်ဆိုင်ရာရွေးကောက်ပွဲတွင်  ၎င်း၏ ပါတီသည် အပြတ်အသတ်အနိုင်ရရှိ ခဲ့သည်။

အီတေးဝမ်ရှိ ဘားနှင့် ကလပ်များတွင် စီးပွားရေးလုပ်ငန်းများကို ယာယီပိတ်ထားကြောင်း( သို့မဟုတ်)  လူစုဝေးမှုကို တားဆီး ကြောင်း ရေးထားသည့် စာများ ချိတ်ဆွဲထား မှုနှင့်အတူ လူအမြဲစည်ကားသည့် အရပ်ရှိ လမ်းများသည် မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် ခြောက်ကပ်သွားကြောင်း သိရသည်။

                  


READ NEXT
Cancel OK