Top News

ပြင်သစ်နှင့် စပိန်တို့က Lockdown စီမံချက်များအား ဖြေလျှော့ပေးစဉ် ဗြိတိန်က Lockdown ကို သက်တမ်းတိုး
24htopnews | January 13, 2025 5:12 PM CST

ပြင်သစ်နှင့် စပိန်တို့တွင် လူဦးရေသန်းပေါင်းများစွာသည် မေ ၁၁ ၌ နေအိမ်ထဲ၌သာနေရန် စည်းမျဉ်းများ ဖြေလျှော့မှုကို ကြိုဆိုခဲ့ကြစဉ် ဗြိတိန်ကမူ Lockdown စီမံချက်အား သက်တမ်းတိုးခဲ့သည်။

ကမ္ဘာတစ်ဝန်းလူပေါင်း ၂၈၀၀၀၀ ကျော်ကို သေဆုံးစေခဲ့ပြီဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအား အလွန်အမင်းအထိနာစေခဲ့သည့် ကပ်ရောဂါ၏ကူးစက်မှု ဒုတိယလှိုင်းအား စိုးရိမ်မှုများက ဥရောပ၏ နေရာအများအပြားနှင့် ကမ္ဘာကြီးတွင် စိုးမိုးနေခဲ့သည်။

ဧပြီတွင် အလုပ်အကိုင်ဆုံးရှုံးသူ သန်း ၂၀ ရှိခဲ့သည့် အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီးနောက် အစိုးရများက နိုင်ငံစီးပွားရေးအား ပြန်လည်ဖွင့်လှစ်ရန် စိတ်အားထက်သန်နေကြသော်လည်း အများစုကမူ တဖြည်းဖြည်းချင်း ချဉ်းကပ်သည့်နည်းကို ရွေးချယ်ခဲ့ကြသည်။

ပြင်သစ်တွင် သီတင်းပတ်ရှစ်ပတ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူများသည် မေ ၁၁ နံနက်မှစတင်၍ ခွင့်ပြုချက် ဖောင်ကို ဖြည့်ရန်မလိုဘဲ နေအိမ်ပြင်ပတွင် လမ်းလျှောက်ခွင့်ရရှိခဲ့ပြီး ဆရာများက မူလတန်းကျောင်းများသို့ ပြန်လည်သွားရောက်နိုင်မည်ဖြစ်ကာ ဆံသဆိုင်များအပါအဝင် ဆိုင်အချို့ကို ပြန်လည်ဖွင့်လှစ်ကြမည်ဖြစ်သည်။

သို့သော် ဘားများ၊ စားသောက်ဆိုင်များ၊ ပြဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကိုမူ ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

မက်ဒရစ်နှင့် ဘာစီလိုနာတို့ကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်ခဲ့သည့် မြို့ပြများ၏ အပြင်ဘက်မှ စပိန်ပြည်သူများသည် ၎င်းတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများအား ဘားများနှင့် စားသောက်ဆိုင်များတွင် ဆုံတွေ့ရန် စီစဉ်ထားကြသည်။ မက်ဒရစ်နှင့် ဘာစီလိုနာတို့တွင်မူ Lockdown ချမှတ်ထားဆဲ ဖြစ်သည်။

ဗြိတိန်ကမူ ယင်းကဲ့သို့လုပ်ဆောင်ရန် စောလွန်းနေသေးကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးခဲ့သည်။

ဗြိတိန်တွင် နိုင်ငံတစ်ဝန်း နေအိမ်ပြင်ပ မထွက်ရန် ညွှန်ကြားချက်အား ချမှတ်မှုသည် ခုနစ်ပတ်နီးပါးရှိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း လူ ၃၁၈၀၀ ကျော် သေဆုံးခဲ့ခြင်းကြောင့် ဗြိတိန်သည် ဥရောပတွင် သေဆုံးသူ အများဆုံးနှင့် ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်ခဲ့သည်။

COVID-19 ကြောင့် ဆေးရုံတွင် တစ်ပတ်ကြာကုသမှုခံယူခဲ့ရသည့် ဂျွန်ဆင်က Lockdown ချမှတ်မှုများအား ယခုသီတင်းပတ်တွင် အဆုံးသတ်ရမည့်အချိန်မဟုတ်ကြောင်း၊ သို့သော် လာမည့်လများတွင် အင်္ဂလန်၌ ထိုစီမံချက်များအား ဖြေလျှော့ပေးရန် သတ်မှတ်ချက်ပါသည့်အစီအစဉ်တစ်ခုကို ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနှင့် ဂရိတို့ကလည်း မေ ၁၁ တွင် Lockdown များအား ဖြေလျှော့ပေးမည့် ဥရောပနိုင်ငံအချို့တွင် ပါဝင်ခဲ့သည်။ တူရကီကလည်း ကန့်သတ်ချက်အချို့အား ဖြေလျှော့ပေးခဲ့ပြီဖြစ်ပြီး အသက် ၆၅ နှစ်‌ ကျော်သူများအား ပထမဆုံးအကြိမ်အဖြစ် မေ ၁၀ တွင် နေအိမ်ပြင်ပသို့ ထွက်ခွင့်ပြုခဲ့သည်။

စပိန်၊ ဂျာမနီနှင့် ပေါ်တူကီတို့တွင် ဘောလုံးသမားများအကြား ကူးစက်မှုအသစ်များကို အတည်ပြုခဲ့ပြီးနောက် ဥရောပတွင် ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ရန် အစီအစဉ်ကို ထိုးနှက်ချက်ဖြစ်ခဲ့သည်။ ထိုသုံးနိုင်ငံမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများက လာမည့်သီတင်းပတ်များတွင် ဘောလုံးရာသီများကို ပြန်လည်စတင်ရန် အစီအစဉ်များသည် လမ်းကြောင်းပေါ်ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ခဲ့သော အီရန်တွင် Lockdown စီမံချက်များအား ဖြေလျှော့ပေးခဲ့ပြီး မြို့တော် တီဟီရန်တွင် သီတင်းပတ်များစွာ လူသူခြောက်ကပ်ခဲ့သော စျေးများနှင့် ကုန်တိုက်များတွင် တစ်ဖန် လူပြန်လည် စည်ကားခဲ့သည်။

ရုရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသည် နှစ်သိန်းနီးပါးရှိခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဥရောပတွင် ကူးစက်ခံရမှုအမြင့်ဆုံး ဖြစ်လာမည်ဟု မျှော်လင့်ရသော်လည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ၂၀၀၀ အောက်သာရှိသဖြင့် အတော်အသင့် နည်းပါးနေသေးသည်။

လက်တင်အမေရိကတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်သော ဘရာဇီး၌ ယခုအခါ သေဆုံးသူအရေအတွက်သည် ၁၀၀၀၀ ကျော် ရှိလာကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

သို့သော် ရောဂါစစ်ဆေးမှုအား ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်နိုင်သဖြင့် အမှန်တကယ် သေဆုံးသူအရေအတွက်သည် ယင်းထက်အဆများစွာ ပိုမိုများပြားနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးခဲ့ကြသည်။


READ NEXT
Cancel OK