Top News

မလေးရှား၏ လှုပ်ရှားသွားလာမှု ထိန်းချုပ်အမိန့်ကို ဇွန် ၉ ရက် အထိ သက်တမ်းထပ်တိုး
24htopnews | January 13, 2025 5:12 PM CST

မလေးရှားနိုင်ငံ၏ လှုပ်ရှားသွားလာမှု ထိန်းချုပ်အမိန့် (MCO) ကို ဇွန် ၉ရက်အထိ နောက်ထပ်သက်တမ်းတစ်လ ထပ်တိုးမည်ဟု ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က ပြောကြားခဲ့သည်။ ယင်းသည် မတ် ၁၈ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် MCO ကို လေးကြိမ်မြောက် သက်တမ်းတိုးမှုဖြစ်သည်။

မလေးရှားနိုင်ငံ၏ COVID-19 ထိန်းချုပ်မှုတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများကို မြင်တွေ့ခဲ့ရသော်လည်း ကြိုးပမ်းဆောင်ရွက်မှုများသည် အပြည့်အဝအောင်မြင်မှုမရှိသေးဟု မေ ၁၀ ရက်က အထူးမိန့်ခွန်း ပြောကြားခဲ့ရာတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ MCO ကို မေ ၁၂ ရက်တွင် ရပ်ဆိုင်းရန် မူလက စီစဉ်ထားခဲ့သည်။

“ လူထုသဘောထားအပေါ် အခြေခံမှုအရ လူထုက အစိုးရကို ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့အဆင့်တွေကို အစိုးရက ဆက်ပြီးလုပ်ဆောင်စေလိုတယ်လို့ ကျွန်တော်သုံးသပ်မိတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးကောင်စီရဲ့အကြံပေးချက်အရ မေ ၁၂ ရက်အထိ ပြဋ္ဌာန်းထားတဲ့ MCO ကို ဇွန် ၉ ရက်အထိ သီတင်းပတ်လေးပတ် သက်တမ်းထပ်ဖို့ ညွှန်ကြားခဲ့တယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် မတ် ၁၈ ရက်မှစပြီး ပြဋ္ဌာန်းခဲ့သည့် MCO ကို ယခင်ကလည်း သီတင်းနှစ်ပတ်စီ သုံးကြိမ်သက်တမ်းတိုးခဲ့သည်။

တစ်စိတ်တစ်ပိုင်း Lockdown ချထားမှုအရ အခြေခံလိုအပ်ချက်မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ပြီးပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။

ကန့်သတ်ထိန်းချုပ်မှုများကြောင့် မလေးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်အရေအတွက် ကျဆင်းခဲ့သည့် လက္ခဏာများလည်း ရှိသည်။ ကနဦးတွင် ထောင်ဂဏန်းထိ မြင့်တက်ခဲ့ရာမှ ဧပြီလလယ်မှစပြီး ဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ်များသည် ရာဂဏန်းအထိ ကျဆင်းလာခဲ့သည်။

မလေးရှားနိုင်ငံတွင် မေ ၁၀ ရက်အထိ စုစုပေါင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၆,၅၈၉  ဦးရှိပြီး သေဆုံးသူ ၁၀၈ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅ ရာခိုင်နှုန်းသည် ပြန်လည် ကောင်းမွန်လာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း၏ နယ်မြေ ၉၄.၄ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အသစ် မရှိသည်မှာ သီတင်းနှစ်ပတ်ကြာပြီဖြစ်သောကြောင့် အစိမ်းရောင်ဇုန်များအဖြစ် သတ်မှတ်ခဲ့ကြောင်း ဝန်ကြီးချုပ် မူယက်ဒင်က ပြောကြားခဲ့သည်။

စီးပွားရေးအကျိုးသက်ရောက်မှုကို လျော့ပါးစေရန် Putrajaya မြို့တွင် ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ စီးပွားရေးပြန်လည်ဦးမော့အောင် လုပ်ဆောင်သည့်အစီအစဉ်သုံးခုကို ထုတ်ပြန်ခဲ့သည်။

COVID-19 ထိန်းချုပ်မှုကြောင့် စုစုပေါင်းဆုံးရှုံးမှု ရင်းဂစ် ၆၃ ဘီလျံခန့်ရှိကြောင်း ဝန်ကြီးချုပ် မူယက်ဒက်က အလုပ်သမားနေ့ မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ အခြေအနေအရ ပြဋ္ဌာန်းခဲ့သည့် MCO အောက်တွင် စီးပွားရေး ကဏ္ဍအများစုကိုမေ ၄ ရက်မှစပြီး လုပ်ငန်း လည်ပတ်ခွင့်ပြုခြင်းဖြင့် COVID-19 ကန့်သတ်ချက်အချို့ကို အစိုးရက ဖြေလျှော့ပေးခဲ့သည်။

လူ ၆.၆၄ သန်း (သို့မဟုတ်) နိုင်ငံ၏ အလုပ်သမားအင်အား ထက်ဝက်နီးပါးခန့်သည် လုပ်ငန်းခွင်သို့ ပြန်လည်သွားရောက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

MCO ကာလအတွင်း စတင်ခဲ့သည့် စည်းမျဉ်းများနှင့် လုပ်ငန်းလည်ပတ်မှု လုပ်  ထုံးလုပ်နည်း စံသတ်မှတ်ချက်များ SOPs များကို ဇွန် ၉ ရက်အထိ ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ပြောကြားခဲ့သည်။

လှုပ်ရှားသွားလာမှု ထိန်းချုပ်အမိန့်အရ ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုများ၊ ဝတ်ပြုဆုတောင်းသည့် နေရာများတွင် စုဝေးမှုများကို ခွင့်ပြုမည်မဟုတ်ပေ။ SOPs ထားရှိချိန်တွင် ကန့်သတ်ချက်ကို ဖြေလျှော့ပေးသွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

မလေးရှားအစ္စလာမ္မစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဝတ်ပြုစုဝေးသောလူစုကြောင့် ယခုအခါ SOPs ကို အပြီးသတ်လုပ်ဆောင်နေပြီဖြစ်သည်။ အဆင်သင့်ဖြစ်သည်နှင့်တစ်ပြိုင်တည်း SOPs ကို ဘုရင်ထံ တင်ပြမည်ဖြစ်ပြီး အစိုးရအဖွဲ့က ဗလီတွင် ဝတ်ပြုဆုတောင်းမှုများကို ခွင့်ပြုမှုအား မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြည်နယ်အချင်းချင်း ခရီးသွားလာမှုကို တားမြစ်ပိတ်ပင်ထားဆဲဖြစ်ပြီး Hari Raya Aidilfitri ၊ Pesta Kaamatan ၊ Hari Gawai တို့ ပါဝင်သည့် မကြာမီကျရောက်တော့မည့် ပွဲတော်များကို ဆင်နွှဲရန်အတွက် ပြည်နယ်များကို ဖြတ်ကျော်သွားလာမှုများအား ခွင့်ပြုမည်မဟုတ်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပါတီစုဝေးကျင်းပမှုများနှင့် ဂုဏ်ပြုညစာ စားပွဲများမလုပ်ရန် အကြံပေးထားသော်လည်း ဝန်ကြီးချုပ်က အခမ်းအနားကျင်းပမှုများတွင် လူ ၂၀ အထိ ပါဝင်ခွင့်ပြုထားကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မိသားစု တစ်စုစီတိုင်းသည် အခမ်းအနားဆင်နွှဲမှုတစ်လျှောက်လုံး Social Distancing ၊ နှာခေါင်းစည်းတပ်ဆင်မှု၊ လက်သန့်ဆေးရည် အသုံးပြုမှုပါဝင်သည့် တစ်ကိုယ်ရေ သန့်ရှင်းမှု အစရှိသည့် ကျန်းမာရေးဆိုင်ရာ MCO များကို လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


READ NEXT
Cancel OK