Top News

စစ်ရေးလေ့ကျင့်မှု၌ အီရန်စစ်သင်္ဘောကို ဒုံးဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံး
24htopnews | January 13, 2025 5:12 PM CST

အိုမန်ပင်လယ်ကွေ့တွင် စစ်ရေးလေ့ကျင့်ခဲ့သော အီရန်စစ်သင်္ဘောတစ်စီးသည် အချင်းချင်းပစ်သည့် ဒုံး မတော်တဆထိမှန်ခဲ့ပြီး ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာက မေ ၁၁ တွင် ထုတ်ပြန်ခဲ့သည်။ အီရန်၏တောင်ဘက် ကမ်းလွန် ကမ်းရိုးတန်းအနီး ဘန်ဒါအီဂျက်တွင် မေ ၁၀ မွန်းလွဲက ဖြစ်ပွားခဲ့သော မတော်တဆ ဒုံးပစ်မှုဖြစ်စဉ်တွင် Konarak စစ်သင်္ဘောကို ဒုံးထိမှန်ခဲ့ပြီး ၁၉ ဦး သေဆုံးသည့်အပြင် ၁၅ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အီရန်ကြည်းတပ် ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။ ပင်လယ်ကွေ့ ရေပြင်တွင် အမေရိကန်နှင့် အီရန်တို့ တင်းမာမှု မြင့်မားနေစဉ် အီရန်က စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

လေ့ကျင့်ပစ်မှတ်ကို မူလနေရာသို့ ရွှေ့ပြောင်းပြီးနောက် ယင်းပစ်မှတ်နှင့် ဒုံးထိမှန်သော ရေယာဉ်တို့အကြားတွင် အကွာအဝေး အလုံအလောက် မရှိသောကြောင့် Konarak စစ်သင်္ဘောကို ဒုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ကြည်းတပ်က ပြောကြားခဲ့သည်။

Konarak စစ်သင်္ဘောကို ကမ်းခြေသို့ ဆွဲယူနေပြီး စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ထပ်ထုတ်ပြန်မှု မထွက်ပေါ်မီ ထင်ကြေးပေးပြောဆိုမှုများ ရှောင်ရှားသင့်ကြောင်း ယင်းထုတ်ပြန်ချက်က တိုက်တွန်းခဲ့သည်။

အီရန်စစ်သင်္ဘောတစ်စီးက ပစ်လိုက်သော ဒုံးသည် Konarak စစ်သင်္ဘောကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Tasnim သတင်းအေဂျင်စီက တွစ်တာတွင် အင်္ဂလိပ်ဘာသာနှင့် ရေးတင်ခဲ့သည်။

ပါရှန်းပင်လယ်ကွေ့ရှိ ဂျက်စ် ဧရိယာတွင် ကျည်ဆန်အစစ်နှင့် စစ်ရေးလေ့ကျင့်စဉ် Moudge-class ဖရီးဂိတ် Jamaran က ဒုံးကို မှားပစ်ခဲ့ခြင်းဖြစ်ကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။

Konarak စစ်သင်္ဘောသည် နယ်သာလန်က တည်ဆောက်ထားသော ထောက်ပံ့ရေး ရေယာဉ်ဖြစ်ပြီး ၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေး မတိုင်မီ အီရန်က ဝယ်ယူခဲ့သည့် သင်္ဘောဖြစ်သည်။

၁၅၄ ပေ (၄၇ မီတာ) အရှည်နှင့် ၄၄၇ တန်အလေးချိန် ရှိသော ယင်းသင်္ဘောသည် Hendija-class ရေယာဉ်ဖြစ်ကာ ဒုံးလေးစင်း တပ်ဆင်ထားသည့် သင်္ဘောဖြစ်ကြောင်း အီရန်အစိုးရရုပ်သံက ဆိုသည်။

ဒုံး မတော်တဆ ထိမှန်ချိန်၌ Konarak စစ်သင်္ဘောတွင် သင်္ဘောအမှုထမ်း မည်မျှပါသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အီရန်နှင့် ရန်ဘက် အမေရိကန်တို့သည် ယမန်နှစ်က အပြန်အလှန် စကားစစ်ထိုးနေကြပြီး အထိမခံဖြစ်သော ပင်လယ်ကွေ့ရေပြင်တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိတွေ့မှု ဆက်တိုက်ဖြစ်ခဲ့သည်။

ဧပြီ ၁၅ က နောက်ဆုံး ထိတွေ့မှုဖြစ်စဉ်တွင် အမေရိကန်စစ်သင်္ဘောများကို ပင်လယ်ကွေ့ရေပြင်တွင် အီရန်သင်္ဘောများက နှောင့်ယှက်ခဲ့ကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့သည်။

ပင်လယ်ပြင်တွင် အမေရိကန်သင်္ဘောများကို နှောင့်ယှက်ပါက မည်သည့် အီရန်သင်္ဘောကိုမဆို ပစ်ခတ်ဖျက်ဆီးရန် အမေရိကန်ရေတပ်ကို အမိန့်ပေးထားကြောင်း သမ္မတဒေါ်နယ်ထရန့်က တွစ်တာတွင် ရေးသားခဲ့သည်။

အီရန်၏ နျူကလီးယားစီမံကိန်းကို ရပ်တန့်ရန် သဘောတူထားသော နိုင်ငံစုံသဘောတူညီချက်မှ အမေရိကန်က တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ တစ်ဖန်ပြန်လည် ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှစ၍ အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်တက်နေခဲ့သည်။

ယူကရိန်းမြို့တော် ကိဗ်သို့ ပျံသန်းမည့် ဘိုရင်း ၇၃၇ လေယာဉ်အား တီဟီရန်မှ ပျံတက်ပြီးနောက် မကြာမီ မှားယွင်းပစ်ချမှု ဇန်နဝါရီကဖြစ်ခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၇၆ ဦးလုံး သေဆုံးခဲ့ရသည်။ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များအား ဒုံးများနှင့် သွားရောက်ပစ်ခဲ့ပြီးနောက် အီရန်၏လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တပ်လှန့်ထားစဉ် ခရီးသည်တင်လေယာဉ်အား အီရန်စစ်တပ် က မှားယွင်းပစ်ချခဲ့ခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ထိုဖြစ်ရပ်မတိုင်ခင်က အီရန်၏ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆင်ဆူလေမာနီအား အမေရိကန်က ဒရုန်းနှင့်သုတ်သင်ခဲ့မှုကို အီရန်က လက်တုံ့ပြန်သည့်အနေနှင့် အီရတ်ကို သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။


READ NEXT
Cancel OK