Top News

ဂျပန်အစိုးရက ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ တည်ငြိမ်သွားလျှင် ဒေသအချို့တွင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းနိုင်ကြောင်း ထုတ်ပြန်
24htopnews | January 13, 2025 5:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်အား ထိန်းချုပ်နိုင်ခဲ့လျှင် ယခုသီတင်းပတ်အတွင်း ဂျပန်၏ ဒေသအများအပြားတွင် အရေးပေါ် အခြေအနေထုတ်ပြန်ထားမှုကို ရုပ်သိမ်းနိုင်ကြောင်း စီးပွားရေးဝန်ကြီး ယာဆူတိုရှီနီရှီမူရာက မေ ၁၁ တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောလနောက်ပိုင်း ချမှတ်ခဲ့သော အရေးပေါ်အခြေအနေအရ ဂျပန်၏ စီရင်စု ၄၇ စုမှ အုပ်ချုပ်ရေးမှူးများသည် ပြည်သူများအား နေအိမ်ထဲတွင်သာ နေကြရန်နှင့် စီးပွားရေးလုပ်ငန်းများအား ပိတ်ထားရန် ညွှန်ကြားတိုက်တွန်းနိုင်သည့် ဥပဒေဆိုင်ရာ အခွင့်အာဏာများ အခိုင်အမာရရှိထားသည်။

သို့သော် ထိုညွှန်ကြားချက်များအား မလိုက်နာသူများကို ငွေဒဏ်ချမှတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းမပြုလုပ်နိုင်ပေ။

ဂျပန်အစိုးရသည် ပြီးခဲ့သောသီတင်းပတ်တွင်လည်း မေလကုန်အထိ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။ အခြေအနေများအား မေ ၁၄ တွင် ပြန်လည်အကဲဖြတ်မည်ဖြစ်ပြီး စီရင်စုအချို့တွင် အရေးပေါ်အခြေအနေထုတ်ပြန်မှုအား စော၍ရုပ်သိမ်းနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

တိုကျိုနှင့် အိုဆာကာတို့အပါအဝင် အထူးတပ်လှန့်ခရိုင်များအဖြစ် သတ်မှတ်ထားသည့် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးစီရင် စု ၁၃ စုတွင်ပင် အရေးပေါ်အခြေအနေ သက်တမ်းတိုးထားသော်လည်း မရှိမဖြစ်အရေးပါသည့် အမျိုးအစားတွင် မပါဝင်သောလုပ်ငန်းအချို့ကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

ဂျပန်သည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တစ်ရှိန်ထိုးမြင့်တက်မှုအခြေအနေကို ရှောင်လွှဲနိုင်ခဲ့ပြီး ကူးစက်ခံရသူ ၁၅၈၀၀ ခန့်နှင့် သေဆုံးသူ ၆၃၀ ရှိခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် ကူးစက်သူသစ်အရေအတွက်သည် ကျဆင်းလာခဲ့သည်။ မိမိတို့သည် အဆုံးသတ်တစ်ခုသို့ တဖြည်းဖြည်းချင်း ရှေ့ဆက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကပ်ရောဂါအား ရည်ညွှန်း၍ ပါလီမန် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် စီးပွားရေးဆိုင်ရာ အထိနာမှုအား သက်သာရာရစေရန် ဂျပန်အစိုးရသည် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဘေးက ပါလီမန်တွင် ပြောကြားခဲ့သည်။

စီးပွားရေးဆိုင်ရာ အထိနာမှုအတွက် ထောက်ပံ့ရန် အစိုးရက ဒုတိယမြောက် ထပ်တိုးဘတ်ဂျက်ကို ပြင်ဆင်မှုရှိမရှိနှင့်ပတ်သက်၍ အတိုက်အခံဥပဒေပြုအမတ်တစ်ဦးက မေးမြန်းခဲ့ရာ အာဘေးက ထပ်တိုးခြေလှမ်းများ လှမ်းရန်လိုအပ်ကြောင်းဆုံးဖြတ်လျှင် မိမိတို့သည် အခိုင်အမာနှင့် အချိန်မီတုံ့ ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အစီအစဉ်များအား မည်သည့်ပြောင်းလဲမှုမဆို အပြောင်းအလဲများဖြစ်သွားနိုင်ကြောင်း သတိပေးမှုရှိနေချိန်တွင် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးစီရင်စု ၁၃ ခုအနက် သိသိသာသာတိုးတက်မှုရှိခဲ့သည့် ဒေသများတွင် အရေးပေါ်အခြေအနေကို ယခုသီတင်းပတ်တွင် ရုပ်သိမ်းနိုင်ကြောင်း စီးပွားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သို့သော် ယင်းကဲ့သို့ ရုပ်သိမ်းပေးပြီးနောက် ကူးစက်မှုအရေအတွက်သည် ခန့်မှန်းမှုထက်ကျော်သွားသည့် လက္ခဏာများရှိလျှင် အရေးပေါ်အခြေအနေကို ပြန်လည်အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အာဘေးက ဗိုင်းရပ်စ်တိုက်ဖျက်ရေးသည် ရေရှည်စစ်ပွဲဖြစ်ကြောင်း သတိပေးခဲ့ပြီး ပြည်သူလူထုသည် အချင်းချင်း ခွာခွာကင်းကင်းနေရေး ညွှန်ကြားချက်ကို ဆက်လက်လိုက်နာကြရန် တိုက်တွန်းခဲ့သည်။

အရေးပေါ်အခြေအနေအား ရုပ်သိမ်းပေးပြီးလျှင်ပင် ပြည်သူများသည် ကိုရိုနာဗိုင်း ရပ်စ်ခေတ်၌ လူနေမှုပုံစံသစ်ကို အလိုက်သင့်ပြောင်းလဲရန် လိုအပ်ဖွယ်ရှိကြောင်း အာဘေးက ပြောကြားခဲ့သည်။

မြို့တော် တိုကျိုတွင် COVID-19 လူနာများအတွက် သတ်မှတ်ထားသော ဆေးရုံခုတင်များ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် နေရာပြည့်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၀ တွင် ထုတ်ပြန်ခဲ့ရာ ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ရန်အတွက် ထပ်မံဆောင်ရွက်မှုများ လိုအပ်မှုကို မီးမောင်းထိုးပြခဲ့သည်။

ဧပြီ ၂၈ မှစတင်၍ တိုကျိုတွင် COVID-19 လူနာ ၁၈၃၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး ယင်းလူနာများအတွက် သတ်မှတ်ထားသော ဆေးရုံခုတင် ၂၀၀၀ ၏ ၉၁.၆ ရာခိုင်နှုန်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုကျိုအစိုးရက COVID-19 လူနာများအတွက် ဆေးရုံခုတင်အရေအတွက်အား ၄၀၀၀ အထိ တိုးချဲ့နိုင်ရန် ရည်မှန်းထားသည်။

တိုကျိုတွင် လူ ၅၀၀၀ ခန့်က ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားရာ ဂျပန်နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၁၆၀၀၀ ခန့်အနက် သုံးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုကြောင်း အစိုးရရုပ်သံ NHK က ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောဂါခံစားရသူများအတွက် သတ်မှတ်ထားသည့် ဆေးရုံခုတင် ၁၄၄၈၆ လုံး ရှိပြီး ဧပြီ ၂၈ မှစတင်၍ နိုင်ငံတစ်ဝန်းတွင် COVID-19 လူနာအား ဆေးရုံတင်မှု အရေအတွက်သည် ၅၅၅၈ ဦးရှိခဲ့ရာ ခုတင်စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK