
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ပတ်သက်သည့် သုတေသနများကို တရုတ်ဟက်ကာများက ခိုးယူရန် ကြိုးပမ်းနေသည်ဟု အမေရိကန် အက်ဖ်ဘီအိုင်နှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများက ယုံကြည်ထားကြောင်း ဝေါစထရိဂျာနယ်နှင့် နယူးယောက်တိုင်းမ်က မေ ၁၁ တွင် ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ပုဂ္ဂလိက လုပ်ငန်းများသည် ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေးထုတ်လုပ်ရန် အကြိတ်အနယ် ကြိုးပမ်းနေကြချိန်တွင် တရုတ်ဟက်ကာများ၏အန္တရာယ်ကို သတိပေးရန် အက်ဖ်ဘီအိုင်နှင့်အမိမြေလုံခြုံရေး ဝန်ကြီးဌာနက စီစဉ်နေကြောင်း အဆိုပါသတင်းစာနှစ်စောင်က ဖော်ပြခဲ့သည်။
တရုတ်ဟက်ကာများသည် ကိုရိုနာဗိုင်းရပ်စ် ကုသမှု၊ စမ်းသပ်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့် ဉာဏပစ္စည်းများကိုလည်း ခိုးယူရန် ပစ်မှတ်ထားနေကြသည်။ ထိုဟက်ကာများသည် တရုတ်အစိုးရနှင့် ဆက်နွှယ်နေကြောင်း အမေရိကန်တာဝန်ရှိသူများက စွပ်စွဲထားသည်ဟု ဝေါစထရိဂျာနယ်နှင့် နယူးယောက်တိုင်းမ်က ဆိုခဲ့သည်။
ပေကျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောင်းလီကျန်က ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှု မှန်သမျှကို တရုတ်က အခိုင်အမာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ကိုဗစ်-၁၉ ကုသမှုနဲ့ ကာကွယ်ဆေးသုတေသနနဲ့ ပတ်သက်ရင် ကမ္ဘာကို ဦးဆောင်နေတာပါ၊ ဘာသက်သေအထောက်အထားမှမရှိဘဲ ကောလဟလတွေ အသရေဖျက် ပြောဆိုမှုတွေနဲ့ တရုတ်ကို ပစ်မှတ်ထားတာဟာ အကျင့်ပျက်တာပါ” ဟု ကျောင်က ပြောကြားခဲ့သည်။
ကာကွယ်ဆေးသုတေသနများကို တရုတ်ဟက်ကာများက ခိုးယူနေမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို မေးမြန်းခဲ့ရာ ထရန့်က အတည်မပြုခဲ့ဘဲ တရုတ်နှင့်ပတ်သက်လျှင် ယင်းသည် မထူးဆန်းကြောင်း၊ တရုတ်ကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
အီရန်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်တို့ရှိ အစိုးရကျောထောက်နောက်ခံပြု ဟက်ကာများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသော အဖျက်အမှောင့် လုပ်ရပ်များကို ဆောင်ရွက်နေပြီး သတင်းတု ဖြန့်ချိမှုမှသည် သိပ္ပံပညာရှင်များနှင့် အလုပ်သမားများကို ပစ်မှတ်ထားတိုက်ခိုက်မှုအထိ အဖျက်အမှောင့် လုပ်ရပ်များကို ဆောင်ရွက်နေကြောင်း အမေရိကန်က စွပ်စွဲချက်များ၊ သတိပေးချက်များ ထုတ်ပြန်ထားသည်။
ပင်တဂွန်၏ဆိုက်ဘာစစ်တိုင်း၊ အမျိုးသားလုံခြုံရေးအေဂျင်စီအပါအဝင် ဆိုက်ဘာစစ်ဆင်ရေးတွင် ပါဝင်သော အမေရိကန် အေဂျင်စီများက တရားဝင်တန်ပြန်တိုက်ခိုက်မှုများသည် ထိုသတိပေးချက်များနောက်တွင် ပါလာနိုင်ကြောင်း နယူးယောက်တိုင်းမ်က ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်ဖြေရှင်းနေသော ကျန်းမာရေးပညာရှင်များကို နိုင်ငံအဆင့်နှင့်ပတ်သက်နေသော ရာဇဝတ်ဂိုဏ်းများက ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်လာကြောင်း အမေရိကန်နှင့်ဗြိတိန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပူးတွဲသတိပေးချက် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးအဖွဲ့များ၊ ဆေးဘက်သုတေသနအဖွဲ့များကို ပစ်မှတ်ထားပြီး ဟက်ကာတိုက်ခိုက်မှုများ ဆောင်ရွက်မှုကို စစ်ဆေးတွေ့ရှိထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနှင့် ဆက်စပ်သော သတင်းအချက်အလက်များ စုဆောင်းရန် ရည်ရွယ်ဖွယ်ရှိကြောင်း၊ ဗြိတိန်အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာနှင့် အမေရိကန်ဆိုက်ဘာလုံခြုံ ရေးအေဂျင်စီတို့က ပြောကြားခဲ့သည်။
Charming Kitten ဟုထင်ရှားသည့် အီရန်ဟက်ကာအဖွဲ့တစ်ဖွဲ့သည် Gilead ဆေးကုမ္ပဏီကို ဟက်ကာတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းထွက်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တရုတ်က ဟက်ကာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက် ထပ်မံပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုတွင် ဆေးခုနစ်မျိုး၊ ရှစ်မျိုးခန့်သည် အလားအလာ အကောင်းဆုံးဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥက္ကဋ္ဌက မေ ၁၁ တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်