Top News

ဆူဇူကီးပြိုင်ပွဲ အုပ်စု (A) ဒုတိယနေ့အဖြစ် မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် စင်ကာပူ ယနေ့ ယှဉ်ပြိုင်ကစားမည်
24htopnews | January 13, 2025 7:12 AM CST

 

စင်ကာပူနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (A) ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် အိမ်ရှင်စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကစားမည့်အသင်းများအနက် မြန်မာ၊ တီမောနှင့် စင်ကာပူအသင်းတို့မှာ ဒုတိယပွဲကစားရခြင်းဖြစ်ပြီး ဖိလစ်ပိုင်အသင်းမှာမူ ပထမပွဲကစားရခြင်းဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် အိမ်ရှင်စင်ကာပူ အသင်းကို ဂိုးပြတ်အရေးနိမ့်ထားသဖြင့် ယခု ပွဲတွင် မဖြစ်မနေအနိုင်ကစားရမည်ဖြစ်ပြီး အနိုင်သုံးမှတ် ရယူနိုင်မှသာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

မြန်မာအသင်းနှင့် တွေ့ဆုံမည့် တီမော အသင်းမှာမူ ပထမပွဲတွင် ထိုင်းအသင်းကို နှစ်ဂိုးဖြင့်သာ အရေးနိမ့်ထားသဖြင့် မြန်မာ အသင်းအနေဖြင့် ခက်ခက်ခဲခဲကစားရဖွယ် ရှိနေသည်။ အိမ်ရှင်စင်ကာပူအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာအသင်းတို့နှင့်ပွဲများမှာ အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိနေပြီး မြန်မာအသင်းကို အနိုင်ရထားပြီးဖြစ်ရာ ယနေ့ကစားမည့်ပွဲတွင် ဖိလစ်ပိုင်ကို အနိုင်ရပါက ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် သေချာသ လောက်ရှိသွားမည်ဖြစ်သည်။

အုပ်စု (A) တွင် စင်ကာပူနှင့် ထိုင်း အသင်းတို့က သုံးမှတ်စီရထားပြီး တီမောနှင့် မြန်မာအသင်းတို့မှာမူ အမှတ်မရသေးပေ။ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေး သည် ပထမပွဲတွင် စင်ကာပူအသင်းကို အရေး နိမ့်ထားသဖြင့် ယခုပွဲတွင် မဖြစ်မနေအနိုင် ရရန် ပွဲထွက်လူစာရင်း အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေသည်။ မြန်မာအသင်းသည် တီမော အသင်းနှင့် ဆူဇူကီးပြိုင်ပွဲ အုပ်စုအဆင့်တွင် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။


READ NEXT
Cancel OK