Top News

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲဦးထွက် (၆)ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဟယ်လာ မှတ်တမ်းဝင်
24htopnews | January 13, 2025 7:12 AM CST

အေဂျက်စ်အသင်းမှ အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူး ဟယ်လာသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲဦးထွက်(၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းအနေဖြင့် ယခုပွဲမတိုင်မီ ဒယ်လ်ပီယာရို(၁၉၉၅-၉၆၊ ဂျူဗင်တပ်စ်)၊ ဒီယေဂိုကော်စတာ(၂၀၁၃-၁၄၊  အက်သလက်တီကို)၊ ဟော်လန်း(၂၀၁၉-၂၀၊ ဆာလ်ဇ်ဘာ့ဂ်)တို့နှင့်အတူ ချန်ပီယံလိဂ်ပွဲဦးထွက် (၅)ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်ရာမှ ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဟယ်လာသည် ဒီဇင်ဘာ (၇)ရက်က ကစားခဲ့သော စပို့တင်းလစ္စဘွန်းအသင်းအား (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် ပွဲအစ(၈)မိနစ်၌ ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူပြီးနောက် ယင်းမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဟယ်လာအနေဖြင့် စီရော်နယ်လ်ဒိုပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ရာသီအတွင်း အုပ်စုပွဲ(၆)ပွဲစလုံး ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက်ကစားသမားလည်းဖြစ်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၁၇-၁၈ ရာသီက ရီးယဲလ်မက်ဒရစ်အသင်းအတွက် အုပ်စုပွဲ (၆)ပွဲစလုံး ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ဟယ်လာသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် သွင်းဂိုးပေါင်း (၁၀)ဂိုးအထိရှိခဲ့ပြီး ၂၀၁၅-၁၆ ရာသီက စီရော်နယ်လ်ဒို (၁၁)ဂိုးသွင်းယူပြီးနောက် အုပ်စုတွင်း ဒုတိယမြောက် သွင်းဂိုးအများဆုံးလည်း ဖြစ်ခဲ့သည်။

၎င်းအနေဖြင့် ပွဲစဉ်-၁ စပို့တင်းလစ္စဘွန်းနှင့် ပွဲတွင် (၄)ဂိုး၊ ယင်းနောက်ကစားခဲ့သည့်  (၃)ပွဲဆက်တိုက် တစ်ဂိုးစီသွင်းယူခဲ့ပြီး ဘက်ဆစ်တက်နှင့် ဒုတိယအကျော့တွင် (၂)ဂိုး၊ ယခု အုပ်စုနောက်ဆုံးပွဲတွင် (၁)ဂိုး သွင်းယူပေးခဲ့သည်။

ထို့ပြင် ဟယ်လာသည် အေဂျက်စ်အသင်းတွင် ချန်ပီယံလိဂ်ပွဲ (၆)ပွဲသာ ကစားထားရသော်လည်း ရီးယဲလ်မက်ဒရစ်အသင်း၌ ရုန်းကန်နေရသည့် ချယ်လ်ဆီး တောင်ပံကစားသမားဟောင်း ဟာဇက်ထက် ဂိုးပိုသွင်းထားကြောင်း သိရသည်။

ဟယ်လာသည် ၂၀၁၉ နွေရာသီတွင် ဝက်စ်ဟမ်းအသင်းသို့ ရောက်ရှိကာ တစ်ရာသီခွဲသာ ကစားခဲ့ပြီး  ပြိုင်ပွဲစုံစုစုပေါင်း (၅၄)ပွဲကစားခဲ့ရာ၌ (၁၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းသို့ ရောက်ရှိခဲ့ပြီး ယင်းရာသီကုန်ဆုံးချိန်၌ ပြိုင်ပွဲစုံ (၂၃)ပွဲကစားကာ (၁၃)ဂိုး သွင်းယူနိုင်ခဲ့သည်။

ယခုရာသီ၌မူ အေဂျက်စ်အသင်းတွင် သူ၏ဂိုးသွင်းစွမ်းရည်မှာ သိသိသာသာမြင့်တက်လာကာ ပြိုင်ပွဲစုံ ပွဲ (၂၀)ကစားထားရာ၌ (၁၉)ဂိုးအထိ သွင်းယူထားခဲ့သည်။

ဟယ်လာသည် ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလတွင်မှ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းလူစာရင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ယခုအချိန်အထိ နိုင်ငံတကာပွဲ (၈)ပွဲသာ ကစားထားရကာ (၃)ဂိုး သွင်းယူထားကြောင်း သိရသည်။


READ NEXT
Cancel OK