Top News

ဘရာဇီးလ်ဂန္ထဝင် ပီလီကိုကျော်ဖြတ်ပြီး ဘောလုံးသမိုင်းတွင် သွင်းဂိုးအများဆုံး တောင်အမေရိကကစားသမားအဖြစ် မက်ဆီ စံချိန်တင်
24htopnews | January 13, 2025 7:12 AM CST

PSG တိုက်စစ်မှူး မက်ဆီသည် ကလပ်ဘရုဂေးအသင်းအား (၄-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် (၂)ဂိုးသွင်းယူပြီးနောက် ကစားသမားဘ၀ သွင်းဂိုး (၇၅၈)ဂိုးအထိရှိလာခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင်ပီလီကို ကျော်ဖြတ်ကာ ဘောလုံးသမိုင်းတွင် သွင်းဂိုးအများဆုံး တောင်အမေရိက ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၇)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ် စုပွဲစဉ် (၆) PSG (၄-၁) ကလပ်ဘရုဂေးပွဲ၌ မက်ဆီသည်  ပွဲချိန် (၃၈)မိနစ်နှင့် (၇၆)မိနစ်(ပယ်နယ်တီ)တို့တွင် PSG အသင်းအတွက် (၂)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းဂိုး (၂)ဂိုးမှာ မက်ဆီ၏ ကစားသမားဘ၀ ပြိုင်ပွဲစုံ (၇၅၇)ဂိုး နှင့် (၇၅၈)ဂိုးမြောက် သွင်းဂိုးများဖြစ်ခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ဘရာဇီးလ်ဂန္ထဝင်ပီလီ၏ ကစားသမားဘ၀ သွင်းဂိုး(၇၅၇ ဂိုး)စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပီလီ၏ ကစားသမားဘ၀ သွင်းဂိုးနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (COMMEBOL) တို့က သွင်းဂိုး(၁၀၀၀)ကျော်သည်ဟု ဖော်ပြနေကြသော်လည်း ပီလီ၏ တရားဝင်ကစားသမားဘ၀ သွင်းဂိုးမှာ (၇၅၇)ဂိုးသာရှိကြောင်း ESPN သတင်းဌာနအပါအဝင် မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ကလပ်ဘရုဂေးနှင့်ပွဲတွင် (၂)ဂိုးသွင်းပြီးနောက် ကစားသမားဘ၀ သွင်းဂိုး (၇၅၈)ဂိုးထိ ရှိလာခဲ့သည့် မက်ဆီသည် ဘရာဇီးလ်ဂန္ထဝင်ပီလီကို (၁)ဂိုးအသာဖြင့် ကျော်ဖြတ်ကာ သွင်းဂိုးအများဆုံး တောင်အမေရိက ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အသက် (၃၄)နှစ်အရွယ်ရှိ မက်ဆီသည် ကစားသမားဘ၀ သွင်းဂိုး (၇၅၈)ဂိုးတွင် ဘာစီလိုနာအသင်းအတွက် (၆၇၂) ဂိုး၊ PSG အသင်းအတွက် (၆)ဂိုးနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ဂိုး (၈၀)သွင်းယူခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ကစားသမားဘဝပြိုင်ပွဲစုံ ပွဲ(၉၅၀)တွင် (၇၅၈) ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည့် မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို(၈၀၁ ဂိုး)ကို လိုက်မီရန် (၄၃)ဂိုး လိုအပ်နေသေးကြောင်း သိရှိရသည်။


READ NEXT
Cancel OK