Top News

လှိုင်သာယာ မြို့နယ်အတွင်း နိုင်ငံသား စိစစ်ရေးကတ်၊ အလုပ်သမား မှတ်ပုံတင်ကတ်နှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ ကိုးဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
24htopnews | January 13, 2025 12:12 AM CST

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်၊ အလုပ်သမားမှတ်ပုံတင်ကတ်နှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ ကိုးဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ နယ်၌ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် ထောက်ခံစာအတုများအား အခကြေးငွေယူ၍ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် အတုများ ရောင်းချသူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်၊ အမှတ်(၄)ရပ်ကွက်နေ မမေသူခိုင် အား ဇန်နဝါရီ ၈ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်၌ နိုင်ငံသားစိစစ်ရေးကတ်အတု သုံးခုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိထားသည့် မေသူခိုင်ထံသို့ နိုင်ငံသားစိစစ်ရေးကတ်အတုများအား ပို့ဆောင်ပေးသူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဖြူသွယ်ထွေး အား ဇန်နဝါရီ ၈ ရက်၊ ညပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်အတုများအား ပွဲစားလုပ်ကိုင်သူ ဖမ်းဆီးရန်ကျန် တက်ပု(စိစစ်ဆဲ)ထံသို့ ဖုန်းဖြင့် ချိတ်ဆက်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်၊ နေ့လည်ပိုင်းတွင် ဖမ်းဆီးရန်ကျန် တက်ပု(စိစစ်ဆဲ)မှတစ်ဆင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု လာရောက်ပို့ဆောင်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူ ဟန်မြင့်ဇော်(ခ) ပြောင်လေး အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု(တစ်)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဟန်မြင့်ဇော်(ခ)ပြောင်လေးအား စစ်ဆေးရာ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုများအား ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန် တက်ပု(စိစစ်ဆဲ)၏ ချိတ်ဆက်ပေးမှုဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ ဇင်လင်း(ခ)လင်းလင်းမှ ပြုလုပ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇင်လင်း(ခ)လင်းလင်းအား ယင်းနေ့ နေ့လည်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအလွတ်(၁၀၀)ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအတုပြုလုပ်ရာတွင် အသုံးပြုသည့် Deli တံဆိပ်ပါ Automatic Numbering Machine တစ်ခု၊ အမည်နှင့်ဓါတ်ပုံများပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ရှစ်ခု၊ အသားတံဆိပ်တုံး ရိုက်နှိပ်သည့် တံဆိပ်တုံး တစ်ခု၊ လေဆာတံဆိပ်တုံးမျိုးစုံ(၁၄)ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (အလွတ်) (၂၅၀၀)ခု၊ Horse တံဆိပ်ပါ မှင်ခံဘူး နှစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇင်လင်း(ခ)လင်းလင်းအား စစ်ဆေးချက်အရ ဇန်နဝါရီ ၉ ရက်၊ ညနေပိုင်းတွင် ၎င်းနှင့် ဆက်သွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာအတုများအား တစ်ဆင့်ရောင်းချပေးသူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈) ရပ်ကွက်နေ မြင့်မြတ်ကြည်(ခ)ဝတုတ်၊ တစ်ရပ်ကွက်တည်းနေ စန္ဒာဦးနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ စိုးမင်းဦး (ခ)ကတုံးတို့ သုံးဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း၊ ရပ်ကွက်/ရဲစခန်း ထောက်ခံစာပုံစံအတု(အလွတ်)များအား မိတ္တူကူးယူရောင်းချသူ စန်းမော်လွင် အား ရဲစခန်းထောက်ခံစာမျိုးစုံအတု(အလွတ်) (၂၅၀၀)ရွက်၊ ရပ်ကွက် ထောက်ခံစာမျိုးစုံအတု(အလွတ်)(၈၀)ရွက်၊ Acer အမျိုးအစားကွန်ပျူတာ တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ Printer နှစ်လုံး၊ Scanner တစ်လုံးတို့နှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်ရှိ မိုးသောက်ပန်းမိတ္တူဆိုင်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုမှ ဖမ်းဆီးရမိထားသည် စိုးမင်းဦး(ခ)ကတုံး၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုများတစ်ဆင့်ပြန်လည်ရောင်းချရန် စေခိုင်းသူ ဖမ်းဆီးရန်ကျန် ပြေသိန်းထိုက်(စိစစ်ဆဲ)နေထိုင်သည့် ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာရှိ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ ပြေသိန်းထိုက်အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ မိုးမိုး အား နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်ရာတွင် အသုံးပြုသည့် တံဆိပ်တုံးမျိုးစုံ (၂၅၀)ခု၊ အသားတံဆိပ်ရိုက်နှိက်သည့် တံဆိပ်တုံး တစ်ခုတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့်  ဇင်လင်း(ခ)လင်းလင်းပါ (၉)ဦးတို့၏ ထွက်ဆိုချက်များအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်း ထောက်ခံစာ အတုများအား ဇင်လင်း(ခ)လင်းလင်း၊ ထန်းတပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန်  ကုလားကြီး(ခ)ဂျင်မီသောင်း(စိစစ်ဆဲ)နှင့် ပြေသိန်းထိုက်(စိစစ်ဆဲ)တို့မှ ပြုလုပ်ပေးခဲ့ပြီး ပွဲစားဖြစ်သူ ဖမ်းဆီးရန်ကျန် တက်ပု(စိစစ်ဆဲ)နှင့်ချိတ်ဆက်၍ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အလုပ်သမားမှတ်ပုံတင်အတုများအား တစ်ကတ်လျှင် ကျပ်(၃၀၀၀၀)ဖြင့် တစ်ဆင့်ရောင်းချပေးခဲ့ရာ ကျန်တရားခံများမှ ဝယ်ယူသူများသို့ ပို့ဆောင်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ ဇင်လင်း(ခ) လင်းလင်းပါ(၉)ဦးတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK