Top News

ရေနံ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အားနှင့်  ဒစ်ဂျစ်တယ် ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်မှုအပါအဝင် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ကိစ္စရပ်များ အိန္ဒိယ-မြန်မာ စီးပွားရေး ညီလာခံ၌ ဆွေးနွေး
24htopnews | January 13, 2025 12:12 AM CST

ရေနံ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အားနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်မှုအပါအဝင် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ကိစ္စရပ်များ အိန္ဒိယ-မြန်မာ စီးပွားရေး ညီလာခံ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ အိန္ဒိယ-မြန်မာ စီးပွားရေးဆိုင်ရာ ညီလာခံ ၂၀၂၅ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းညီလာခံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း နှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Shri Abhay Thakur တို့က အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး နယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆက်လက်ဆောင်ရွက်မည့် နှစ်နိုင်ငံအစိုးရ၏ ကတိကဝတ်များကို အလေးပေး၍ ပြောကြားခဲ့သည်။

ထို့နောက် အိန္ဒိယနိုင်ငံအစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တွဲဖက်အတွင်းဝန် Shri Siddharth Mahajan က အွန်လိုင်းအမှာစကား ပြောကြားပြီး နှစ်နိုင်ငံကြား သိသိသာသာ မလုပ်ဆောင်ရသေးသော အလားအလာများနှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် အိန္ဒိယအစိုးရ၏ လတ်တလော ​ဆောင်ရွက်ချက်များကို အဓိကထားပြောကြားခဲ့ကြောင်း သိရသည်။

ညီလာခံတွင် လက်ရှိဖြစ်ပေါ်နေသော နှစ်နိုင်ငံယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ်များကို နားလည်သဘောပေါက်ရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအတွက် အနာဂတ်လမ်းကြောင်းများကို စဉ်း စားရန် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည်။  ရူပီး-ကျပ် ကုန်သွယ်ရေး အခြေချမှု ယန္တရား၏ အကျိုးရရှိမှု၊ ကမ်းရိုးတန်း သင်္ဘောပို့ဆောင်ရေး သဘောတူညီချက်၊ ရေနံ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုနှင့် RuPay ကဒ် နှင့် Unified Payments Interface (UPI)ကဲ့သို့သော ဒစ်ဂျစ်တယ် ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်မှုတို့ အပါအဝင် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အလားအလာရှိသော အဓိက ဆောင်ရွက်မှုများအား အလေးပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ညီလာခံသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်အတူ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က အကြီးတန်း အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းဥက္ကဌနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌတို့က အမှာစကား ပြောကြားခဲ့ပြီး  ဘဏ်လုပ်ငန်း ဦးဆောင်သူများ၊ အထင်ကရစီးပွားရေးအုပ်စုများနှင့် UMFCCI ၊ ပြည်ပစိုက်ပျိုးရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်ကြီးများ အသင်းကဲ့သို့သော ထိပ်တန်းစီးပွားရေးအသင်းများမှ အကြီးတန်းရုံးအဖွဲ့များ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 စီးပွားရေးညီလာခံတွင် ဆွေးနွေးမှုများသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းနှင့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတို့ကဲ့သို့သော စီမံကိန်းများ နှင့် စိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းများ မှတစ်ဆင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကဏ္ဍများကို ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေပါသည်။  ဤကဏ္ဍများသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ချိတ်ဆက်မှုတို့ကို မြှင့်တင်ရန်အတွက် ကြီးမားသော အလားအလာရှိကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

ညီလာခံသည် နှစ်နိုင်ငံစလုံး၏ ခိုင်မာသော ကတိကဝတ်များကို ၎င်းတို့၏ နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးအတွက် ထပ်မံအတည်ပြုချက်ဖြင့် နိဂုံးချုပ်ခဲ့ပြီး  စီးပွားရေး အခွင့်အလမ်းသစ်များ ပွင့်နိုင်စေရန် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ဆက်ဆံမှုများကို မျှဝေသုံးစွဲခြင်း၏ အရေးပါမှုကိုလည်း အခမ်းအနားတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 အိန္ဒိယ-မြန်မာ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး ခိုင်မာစေမည့် လုပ်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးရန် ၎င်းတို့၏ ကတိကဝတ်များအား ထပ်လောင်းပြောဆိုပြီး အခမ်းအနားသို့ တက်ရောက်လာသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ညီလာခံသည် အိန္ဒိယနှင့် မြန်မာကြား ပိုမိုနီးကပ်သော စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို မြင့်တင်ရန်အတွက် မူဝါဒချမှတ်သူများ ၊ စီးပွားရေး လုပ်ငန်းများနှင့် အခြားသော သက်ဆိုင် သူများ ချိတ်ဆက်၍ ထိတွေ့ဆက်ဆံရန် အရေးကြီးသော စင်မြင့်တစ်ခုဖြစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။


READ NEXT
Cancel OK