Top News

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုနှင့် သွင်းဂိုးဆုကို တစ်ပြိုင်တည်းရရှိသည့် ခြောက်ဦးမြောက်ကစားသမားအဖြစ် အီဆက်ခ် မှတ်တမ်းဝင်
24htopnews | January 12, 2025 8:12 PM CST

 

နယူးကာဆယ်အသင်းတိုက်စစ်မှူး အီဆက်ခ်သည် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုနှင့် သွင်းဂိုးဆုကို တစ်ပြိုင်တည်းရရှိသည့် ခြောက်ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုရရှိသူများကို ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ရာ ဆွီဒင်လက်ရွေးစင် ကစားသမား အီဆက်ခ် (၂၅ နှစ်) ကစားသမားဆုနှင့် သွင်းဂိုးဆု ဆွတ်ခူးရရှိခဲ့သည်။ အီဆက်ခ်သည် ဒီဇင်ဘာပွဲကျပ်ကာလအတွင်း ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ရှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ 

အီဆက်ခ်သည် အစ်ဝစ်ချ်အသင်းနှင့်ပွဲတွင် ဟက်ထရစ်အပါအဝင် လီဗာပူးလ်၊ ဘရန့်ဖို့ဒ်၊ လက်စတာ၊ ဗီလာ၊ မန်ယူအသင်းတို့နှင့်ပွဲများတွင် တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်ရရှိ ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်းနှင့်ပွဲ၌ ၁၈ ကိုက်စည်းအပြင်ဘက်မှ အပြင်းကန်သွင်းယူခဲ့သည့်ဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆုကိုပါ ရယူနိုင်ခဲ့သည်။ 

သို့ဖြစ်ရာ အီဆက်ခ်သည် ဘရူနိုဖာနန်ဒက်စ် (၂၀၂၀ ဇွန်)၊ လင်ဂတ် (၂၀၂၁ ဧပြီ)၊ ဆာလာ (၂၀၂၁ အောက်တိုဘာ)၊ အယ်လ်မီရွန် (၂၀၂၂ အောက်တိုဘာ) နှင့် ပါလ်မာ (၂၀၂၄ ဧပြီ) တို့ပြီးလျှင် ယင်းဆုနှစ်ခုကို တစ်ပြိုင်တည်းရရှိသည့် ခြောက်ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။  

ထို့ပြင် အီဆက်ခ်သည် ယွန်းဘတ် (၂၀၂၂ ဧပြီ)၊ အယ်လ်မန်ဒါ (၂၀၁၀ နိုဝင်ဘာ) နှင့် အီဘရာဟီမိုဗစ် (၂၀၁၆ ဒီဇင်ဘာ) တို့ပြီးလျှင် တစ်လတာအကောင်းဆုံးကစားသမားဆုရရှိသည့် စတုတ္ထမြောက် ဆွီဒင်ကစားသမား ဖြစ်လာခဲ့သည်။


READ NEXT
Cancel OK