Top News

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လက်စတာအသင်းပိုင်ရှင်ဟောင်း ဝီချိုင်း သေဆုံးခဲ့ရသည့် နစ်နာမှုများအတွက် လျော်ကြေး ပေါင် ၂ ဒသမ ၁ ဘီလျံရရှိရန် မိသားစုဝင်များက တောင်းဆို
24htopnews | January 12, 2025 8:12 PM CST

 

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လက်စတာအသင်းပိုင်ရှင်ဟောင်း ဝီချိုင်း သေဆုံးခဲ့ရသည့် နစ်နာမှုများအတွက် လျော်ကြေး ပေါင် ၂ ဒသမ ၁ ဘီလျံရရှိရန် မိသားစုဝင်များက တောင်းဆိုထားကြောင်း သိရသည်။

လက်စတာအသင်းပိုင်ရှင်ဟောင်းဖြစ်သည့် ထိုင်းဘီလျံနာ ဝီချိုင်းသီရိဗဒ္ဒနပရာဖာ (၆၀ နှစ်) သည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ယင်းနေ့တွင် လက်စတာနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးနောက် ဝီချိုင်းအပါအဝင် ငါးဦးပါဝင်သည့် Augusta Westland AW169 အမျိုးအစား ရဟတ်ယာဉ်မှာ King Power Stadium ကွင်း၏ အလယ်ဗဟိုစက်ဝိုင်းမှ ပြန်လည်ထွက်ခွာစဉ် မိနစ်ပိုင်းအကြာ ကွင်းအပြင်ဘက်အနီးဝန်းကျင်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်။

ဝီချိုင်း၏ မိသားစုဝင်များက အဆိုပါ ဖြစ်ရပ်ကြောင့် နစ်နာမှုများအတွက် ရဟတ်ယာဉ်ထုတ်လုပ်သည့် အီတလီနိုင်ငံအခြေစိုက် Leonardo S.p.A ကုမ္ပဏီထံမှ လျော်ကြေး ပေါင် ၂ ဒသမ ၁ ဘီလျံရရှိရန် ဇန်နဝါရီ ၁၀ ရက်က အင်္ဂလန်နိုင်ငံရှိ တရားရုံးချုပ်၌ ဦးတိုက်လျှောက်ထား၍ တောင်းဆိုခဲ့သည်။ ဝီချိုင်းမိသားစု၏ ဥပဒေအကျိုးဆောင်အဖြစ် Stewarts အဖွဲ့က တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး မျက်မြင်သက်သေများ၊ အရေးပေါ် ဝန်ဆောင်မှုဝန်ထမ်းများအပါအဝင် အခြားသက်သေများကို ယနေ့တွင် ဂျူရီများရှေ့မှောက်သို့ တင်ပြရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာတွင် လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနခွဲ (AAIB) က ထုတ် ပြန်ခဲ့သည့် အစီရင်ခံစာ၌ အဆိုပါရဟတ်ယာဉ်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် ရှောင်လွှဲ၍မရဘဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်မှူး အနေဖြင့် လိုက်ပါလာသူအားလုံးကိုကယ်တင်နိုင်ရန် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ဝီချိုင်းတည်ထောင်ထားသည့် King Power ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် ချန်ပီယံရှစ်ကလပ် လက်စတာအသင်း ကို စတင်ဝယ်ယူခဲ့သည်။ ၎င်းတို့ဝယ်ယူပြီးနောက် လေးရာသီအကြာတွင် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ်စွဲကာ ပရီးမီးယားလိဂ်သို့ တန်း တက်ခွင့်ရခဲ့သည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးရရှိကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အံ့အားသင့်ဖွယ်အကောင်းဆုံးဗိုလ်စွဲမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ 

လက်စတာအသင်းသည် ဝီချိုင်းမိသားစုပိုင်ဆိုင်ထားသည့် ကာလတစ်လျှောက် ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် တစ်ကြိမ်စီ၊ ချန်ပီယံရှစ် ပြိုင်ပွဲတွင် နှစ်ကြိမ် ဗိုလ်စွဲထားသည်။ ဝီချိုင်းကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ အိုင်ယာဝပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။


READ NEXT
Cancel OK