Top News

ပြင်ဦးလွင် မြို့နယ် Aliance ငွေစုငွေချေးရုံးမှ ငွေများအား ခိုးယူသည့် ဖြစ်စဉ် မှ ကျူးလွန်သူ အဆိုပါ ရုံးဝန်ထမ်းနှစ်ဦး၊ ညစောင့်တစ်ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား တစ်ဦးတို့အား ဖမ်းဆီးရမိ
24htopnews | January 12, 2025 7:12 PM CST

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား ခိုးယူသည့်ဖြစ်စဉ်မှ ကျူးလွန်သူအဆိုပါရုံးဝန်ထမ်းနှစ်ဦး၊ ညစောင့်တစ်ဦးနှင့် သော့ဖျက်ပေးသူအမျိုးသား တစ်ဦးတို့အား ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်မှုအရ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ကြည် (၅၉) နှစ်၊ (ဘ) ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီ ၈ ရက် ည ၁၂ နာရီခွဲတွင် ၎င်းမှငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင်အနွေးထည်အကျႌဝတ်ထားသူ အမည်မသိအမျိုးသား နှစ်ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးမည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေကျပ် ၁၀၀၃၀၂၄၀၀ ထည့်ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ တစ်လုံးနှင့် ရုံးအတွင်းတပ်ဆင်ထားသည့် CCTV ကြိုးများအားဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားစဉ် ညစောင့်တာဝန်ဆောင်ရွက်နေသည့် Aliance ငွေစုငွေချေးရုံးမှ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၈ ရက် ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို (၃၃) နှစ် (ဘ) ဦးဌေးဝင်းနှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး (၂၁) နေ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီး (၂၈) နှစ် (ဘ) ဦးညွန့်ဖေတို့နှစ်ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါက ကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်း လာရောက်စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ တစ်လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း၊ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကိုကိုတို့ နှစ်ဦးက မက်လုံးပေးစည်းရုံးထားသဖြင့် မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်းကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျူးလွန်သူ ခင်မောင်ကြည်၏ထွက်ဆိုချက်အရ ကျန်ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဇန်နဝါရီ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစု ငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး (၇)နေဆန်းအေး (ခ) ကာဒရ်ဘိုင် (၅၂) နှစ် (ဘ) ဦးမူဆာတို့ သုံးဦးအား ငွေကျပ် ၉၉၇၀၂၄၀၀၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ တစ်လုံး၊ ရုံးသုံးလပ်တော့ နှစ်လုံး၊ ရုံးသုံးကြိုးဖုန်း တစ်လုံး၊ ရုံးသုံး CCTV သုံးလုံး၊ အစိမ်းရောင်တိပ်ခွေ တစ်ခု၊ ကတ်ကြေး တစ်လက်၊ ရုံးသုံး Tablet တစ်လုံး၊ ကျောပိုးအိတ် နှစ်လုံးနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ ကျူးလွန်သူအောင်ကိုကို၊ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် ခင်မောင်ကြည်တို့ သုံးဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုအား ဖုံးကွယ်၍ ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့ အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အောင်ကိုကိုပါ သုံးဦးနှင့် ပူးပေါင်းကျူးလွန်သူ ဆန်းအေး (ခ) ကာဒရ်ဘိုင်တို့ လေးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK