Top News

■ ကမ္ဘောဒီးယား လွှတ်တော်အမတ်ဟောင်းကို သတ်ဖြတ်ခဲ့သူအား ထိုင်း နိုင်ငံ သို့ လွှဲပြောင်းခဲ့ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောကြား
24htopnews | January 12, 2025 6:12 PM CST

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် ကမ္ဘောဒီးယားလွှတ်တော် အမတ်ဟောင်းကို သတ်ဖြတ်ခဲ့သည့် သံသယရှိသူအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယခုဖျက်သိမ်းလိုက်ပြီဖြစ်သည့် ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ၏ လွှတ်တော်အမတ်ဟောင်း လင်မ်ကင်ယာ သည် ဇန်နဝါရီ ၆ ရက်က ၎င်း၏ ပြင်သစ်နိုင်ငံသူ ဇနီးသည်နှင့်အတူ ကမ္ဘောဒီးယားမှ ဘန်ကောက်မြို့သို့ရောက်ရှိချိန်တွင် မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုကို ကမ္ဘောဒီးယား၏ ဩဇာအာဏာကြီးမားသည့်ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်များက စွပ်စွဲခဲ့သော်လည်း ကမ္ဘောဒီးယားအစိုးရအဖွဲ့ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ပြင်သစ်အစိုးရကလည်း ပြင်သစ်နိုင်ငံသားခံယူထားသည့် လင်မ်ကင်ယာ အားသတ်ဖြတ်မှုကို ရှုတ်ချခဲ့သည်။ကမ္ဘောဒီးယားရဲတပ်ဖွဲ့သည် ထိုပစ်ခတ်မှုတွင် သံသယရှိသူကို ဇန်နဝါရီ ၇ ရက်က ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိကြောင်း ပြောကြားခဲ့သည်။

သံသယရှိသူသည် အက်ကာလက် ပေနွိုင်း အမည်ရှိ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး ထိုင်းမရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်ဟု ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။"သံသယရှိသူကို ဒီနေ့မနက်မှာပဲ ထိုင်းအာဏာပိုင်တွေဆီ ပို့ဆောင်လိုက်ပါပြီ" ဟု ကမ္ဘောဒီးယားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချဟေး ကင်မ် ခိုအန်က ပြောကြားခဲ့သည်။အဆိုပါသံသယရှိသူကို ဇန်နဝါရီ ၁၁ ရက်က ထိုင်း-ကမ္ဘောဒီယားနယ်စပ်မှလွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် ThaiPBS ရုပ်သံကထုတ်လွှင့်ခဲ့သည်။မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားအတိုက်အခံများသည် ပြည်တွင်းတွင်ဖိနှိပ်မှုများကို ရှောင်ရှားရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး အချို့မှာ ဖမ်းဆီးခံရကာ ကမ္ဘောဒီးယားသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။

■ Ref:AFP


READ NEXT
Cancel OK