Top News

တိဘက်ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများကို သုံးရက်ကြာရှာဖွေမှုတွင် ဒဏ်ရာရရှိသူအရေအတွက် ပိုမိုမြင့်တက်လာ
24htopnews | January 12, 2025 1:12 AM CST

တရုတ်နိုင်ငံ၏ ဝေးလံခေါင်သီသော တိဘက်ဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် အသက်ရှင်ကျန်ရစ်သူများကို ဇန်နဝါရီ ၁၀ ရက်တွင် ဆက်လက်ရှာဖွေနေပြီး သုံးရက်ကြာ ရှာဖွေမှုတွင် ဒဏ်ရာရရှိသူအရေအတွက် နှစ် ဆနီးပါး ပိုမိုမြင့်တက်လာခဲ့သည်ဟု သိရသည်။

 နိုင်ငံပိုင် Global Times သတင်းစာတွင် ဖော်ပြချက်အရ ရစ်ချ်တာစကေး ၆ ဒသမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၃၃၇ ဦးအထိ မြင့်တက်လာခဲ့ကာ ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူ ၁၈၈ ဦးသာရှိသည့်အတွက် နှစ်ဆနီးပါး မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်မှာမူ ၁၂၆ ဦးရှိသည်။

ပျောက်ဆုံးသူအရေအတွက် မည်မျှရှိကြောင်း မသိရသေးသော်လည်း ရှာဖွေကယ်ဆယ်ရေးကို သုံးရက်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ကျွမ်းကျင်သူများကမူ အပျက်အစီးများအတွင်း ပိတ်မိနေသူများသည် ကိုယ်ပူရှိန် အလွန်အမင်း ကျဆင်းမှုကြောင့် သေဆုံးနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားကြသည်။

တိဘက်တွင် ညဘက်အပူချိန်သည် အနုတ် ၁၀ ဒီဂရီမှ ၁၅ ဒီဂရီရှိသည်။ ဇန်နဝါရီ ၁၀ ရက်နေ့အထိ ငလျင်ဒဏ်သင့် ယင်းဒေသတွင် နောက်ဆက်တွဲ ငလျင် ၁၆၀၀ ကျော် လှုပ်ခတ်ခဲ့သောကြောင့် လူ ၄၇၀၀၀ ကျော်သည် ယာယီခိုလှုံသည့် နေရာများသို့ ပြောင်းရွှေ့ရန် အခက်အခဲ ကြုံတွေ့ခဲ့ကြသည်။

နိုင်ငံပိုင် Tibet Dail တွင် ဖော်ပြသော သတင်းတစ်ပုဒ်၏ ခေါင်းစဉ်တွင် “မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေရေး သေချာမှုရှိစေရန် ဆောင်ရွက်ခြင်းဟု ဖော်ပြထားသည်။တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ ထိပ်သီးဒေသဆိုင်ရာ တာဝန်ရှိသူက ငလျင်လှုပ်ခတ်ပြီးနောက် နာရီဝက်မပြည့်မီအချိန်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ငလျင်သည် အာဏာပိုင်များအား ပိတ်မိနေသူများကို အလျင်အမြန်ကယ်တင်ရေး၊ သေဆုံးသူများ၏ အလောင်းများကို ရှာဖွေရေးနှင့် လူပေါင်းသောင်းချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ကြုံတွေ့စေသည်။

CCTV ရုပ်သံတွင် ထုတ်ပြန်သော ဗီဒီယိုမှတ်တမ်းများ၌ ကယ်ဆယ်ရေး လုပ်သားများသည် ပြိုကျနေသော အဆောက်အအုံများမှ ဒဏ်ရာရရှိသူများကို ဆွဲထုတ်ကယ်ဆယ်ကာ ဘေးကင်းသည့် နေရာများသို့ ပြောင်းရွှေ့ပေးနေပုံများကို တွေ့ရသည်။

နီပေါနှင့်ထိစပ်နေသော တရုတ်နယ်စပ်အနီး ဧဝရတ်တောင်၏ မြောက်ဘက်ပိုင်း မိုင် ၅၀ အကွာရှိ တင်ဂရီ ကောင်တီကျေးလက်ဒေသတွင် ဇန်နဝါရီ ၇ ရက် နံနက်ခင်းအချိန်က ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ် ၃၆၀၀ ကျော် ပြိုကျပြီး ဒေသခံ ၃၀၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားကာ ပိတ်မိနေသူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ငလျင်ဒဏ်သင့်ဒေသသည် အလွန်မြင့်သော နေရာတွင်ရှိပြီး ပို့ဆောင်ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ကဲ့သို့ အခြေခံအဆောက်အအုံ အားနည်းသည့် ချမ်းအေးသော ကုန်းပြင်မြင့်တွင်ရှိကြောင်း တိဘက်၏အရေး ပေါ်စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဟောင်လီက ဆိုသည်။

ငလျင်ဗဟိုချက်ဖြစ်သည့် တင်ဂရီတွင် ဒေသခံ ၆၂,၀၀၀ ဝန်းကျင် နေထိုင်ပြီးတိဘက်၏ လာဆာမြို့တော်ကဲ့သို့ မြို့ပြအချက်အချာ နေရာများထက် ဖွံ့ဖြိုးမှု အလွန်နည်းပါးသည်။

တရုတ်ငလျင် ကွန်ရက်များစင်တာ (CENC) ၏ တိုင်းထွာချက်အရ ငလျင်သည် ရစ်ချ်တာစကေး ၆ ဒသမ ၈ ပြင်းအားဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အမေရိကန်ဘူမိတိုင်းထွာရေး အေဂျင်စီကမူ ငလျင်သည် ရစ်ချ်တာစကေး ၇ ဒသမ ၁ ပြင်းအားဖြင့် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။                           

Ref:Reuters


READ NEXT
Cancel OK