Top News

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပြုလုပ်ပေးမည်
24htopnews | January 11, 2025 9:12 PM CST

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားအား ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့်တွဲဖက်၍ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်ပြည့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံး၊ ဗန်ကောက်၌ တွဲဖက်တာဝန်ထမ်းဆောင်ကာ လုပ်ငန်းစဉ်လေးမျိုးကို မကြာမီကာလတွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းလုပ်ငန်းစဉ် လေးမျိုးမှာ မိဘ၏ အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံ နိုင်-၂) တွင် သားသမီးအမည်စာရင်း ထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဉပဒေနှင့်အညီ ထုတ်ပေးခြင်း၊ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ထုတ်ပေးခြင်း၊ အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များ ကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့် စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းစဉ် တစ်မျိုးချင်းစီအတွက် လိုအပ်သော စာရွက်စာတမ်း၌ ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံးတွင် ၆ လတာ ကာလတွဲဖက်လုပ်ကိုင်ပေးခြင်းဖြစ်သဖြင့် မိမိတို့၏ (၁၀) နှစ်ပြည့်အထက် ကလေးများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိနိုင်မည့် အခွင့်အရေးကို မိဘများအနေဖြင့် လက်လွတ်မခံကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။


READ NEXT
Cancel OK