Top News

အနည်းဆုံး ၁၀ ဦး သေဆုံးထားသည့် လော့အိန်းဂျလိစ် တောမီးများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဟု အာဏာပိုင်များ သတိပေး
24htopnews | January 11, 2025 5:12 PM CST

လော့အိန်းဂျလိစ်မြို့က ရပ်ကွက်များကို ၀ါးမျိုထားပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရသော ဧရာမ တောင်မီးများသည် ဇန်နဝါရီ ၉ ရက်တွင် ထိန်းချုပ်၍မရတော့ဟု အာဏာပိုင်များက သတိပေးခဲ့သည်။

ထို့ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်၏ အမျိုးသားအစောင့်တပ်သည် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကို ဖြေဖျောက်ပေးရန် အသင့်ဖြစ်နေသည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စု ဒုတိယအကြီးဆုံးမြို့၏နယ်မြေများသည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ မီးခိုးများက ကောင်းကင်ကို အုပ်စိုင်းနေပြီး ညှော်နံ့များက အဆောက်အအုံအားလုံးနီးပါးထဲ တိုးဝင်လျက်ရှိသည်။

အခိုက်အတန့်အားဖြင့် လေငြိမ်သွားခြင်းကြောင့် ရေများသွန်ချပေးသော ရဟတ်ယာဉ်များ၏အကူအညီဖြင့် တတိယမြောက်နေ့အဖြစ် ကြီးမားသော မီးသတ်စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေသည်ဆိုသော်လည်း တောမီးအသစ်တို့ ဆက်လက်ပေါ်ပေါက်လျက်ရှိသည်။

ဝရုန်းသုန်းကားဖြစ်နေသည့်ကြားထဲ ဖောက်ထွင်းခိုးယူမှုတို့ ဖြစ်ပွားနေသောကြောင့် သက်ရောက်ရာဒေသများတွင် ကာဖျူးထုတ်ထားသည်ဟု လော့အိန်းဂျလိစ်ကောင်တီ ဥပဒေထိန်းသိမ်းရေးအရာရှိ ရောဘတ်လူနာက ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်၏အမျိုးသား အစောင့်တပ်ကို အကူအညီတောင်းမည်ဟု ၎င်းက ပြောကြားခဲ့သည်။

“လော့အိန်းဂျလိစ်ကောင်တီ ဥပဒေထိန်းသိမ်းရေးဌာနက တောမီးနှစ်ခုအတွက် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ရဲ့ အကူအညီကို တရားဝင်တောင်းခံထားပါတယ်” ဟု လူနာက သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်ဆေးရေးဂိတ်များကို လူအင်အားဖြည့်ရန်နှင့် ယာဉ်အသွားအလာ ထိန်းချုပ်မှုကို ကူညီရန် ပြင်ဆင်ထားသော ကယ်လီဖိုးနီးယားအမျိုးသားအစောင့်တပ်သည် ပြည်နယ်၏အစောင့်တပ် ထောင်ပေါင်းများစွာ ဖြန့်ကြက်မှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွမ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ လာမယ့်ရက်တွေမှာ မြိ့ရွာတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့အမျိုးသားအစောင့်တပ်အဖွဲ့ဝင်တွေအပါအဝင် ကျွန်တော်တို့ရဲ့မှာရှိသမျှ အင်အားကို အားလုံးအသုံးပြုသွားမှာဖြစ်ပါတယ်။ နေအိမ်စွန့်ခွာသွားကြတာကို အခွင့်ကောင်းယူချင်မယ့်သူတွေကို ကျွန်တော်ရှင်းရှင်းပဲပြောလိုက်ပါမယ်။ ဖောက်ထွင်းပြီး ပစ္စည်းယူတာတွေကို သည်းခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တောမီးများကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးသေဆုံးသူ ၁၀ ဦးရှိနေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အကြီးမားဆုံးသော မီးသည် လူကုံထံ ပစိဖိတ်ပါလစ်ဆာဒစ်ရပ်ကွက်၌ မြေဧက ၁၉၀၀၀ (ဟက်တာ ၇၇၀၀) ကျော်ကို လောင်ကျွမ်းထားပြီးဖြစ်သည်။ အယ်တာဒီနာရပ်ကွက်တွင် လောင်နေသောမီးက မြေဧက ၁၃၀၀၀ (ဟက်တာ ၁၃၀၀၀) လောင်ကျွမ်းထားသည်။

အဆိုပါတောမီးနှစ်ခုစလုံးကို ဇန်နဝါရီ ၉ ရက်တွင် ထိန်းချုပ်နိုင်ခြင်းမရှိသေးသော်လည်း ကူးစက်မှုနှေးကွေးသွားသည်ဟု မီးသတ်သမားများက ပြောကြားသည်။

လော့အိန်းဂျလိစ်တောမီးကြီးအတွင်း နာမည်ကျော်များ၏ အိမ်များလည်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။ နေအိမ်များ မီးထဲပါသွားသည့် နာမည်ကျော်များကို ဖော်ပြလိုက်ပါသည်။

၁။ ပဲရစ်ဟီလ်တန်

၂။ အန်သိုနီဟော့ကင်း

၃။ ဂျက်ဖ်ဘရစ်

၄။ ဘီလီခရစ္စတယ်

၅။ ယူဂျင်းလီဗီး

၆။ ဂျွန်ဂွတ်မန်း

၇။ မာ့ခ်ဟာမီ

၈။ ဂျနီဖာဂရေး

၉။ ကယ်ရီအဲလ်ဝက်စ်

၁၀။ အဒမ်ဘရော့ဒီ


READ NEXT
Cancel OK