Top News

လက်ထိဘောများနှင့်ပတ်သက်ပြီး ဒိုင်လူကြီးအကြီးအကဲကိုသာ မေးရန် ဂွါဒီယိုလာ တိုက်တွန်း
24htopnews | January 11, 2025 5:12 PM CST

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် လီဗာပူးလ်ဂိုးဧရိယာအတွင်း လက်ထိဘောများနှင့်ပတ်သက်ပြီး ပယ်နယ်တီမရရှိမှုအပေါ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMO)၏အထွေထွေမန်နေဂျာဖြစ်သူ မိုက်ရီလေးကိုသာ မေးရန် တိုက်တွန်းခဲ့သည်။

'' ဒီကိစ္စနဲ့ပတ်သက်ပြီး မိုက်ရီလေးနဲ့ တာဝန်ရှိသူတွေကိုပဲ သွားမေးပါ။ ကျွန်တော့်ကို လာမမေးပါနဲ့။ မိုက်ရီလေးနဲ့ သူ့လူတွေကိုမေးပါ။ ကျွန်တော်ကတော့ ပွဲအကြောင်းပဲပြောဖို့ ဒီကိုလာတာဖြစ်ပါတယ်။ ဘာကြောင့် တစ်နေ့မှာ လက်ထိဘောဖြစ်ပြီး နောက်တစ်နေ့မှာ လက်ထိဘောမဟုတ်တဲ့အကြောင်းတွေ ကျွန်တော် အချိန်တိုင်း အမေးခံနေရပါတယ်။ ကျွန်တော့်ကို မမေးပါနဲ့။ သူတို့ကိုပဲ မေးပါ။ အသင်းက ပြီးခဲ့တဲ့(၂)ရာသီ ချန်ပီယံဖြစ်ခဲ့တဲ့ လမ်းကြောင်းအတိုင်းသွားနေပြီး ဒီအတွက် ဂုဏ်ယူမိပါတယ်။ ပက်(သူ့)လိုလူက စောဒကတက်နေရတာ သက်သောင့်သက်သာမရှိပါဘူး။ လီဗာပူးလ်အသင်းကိုတော့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောလိုပါတယ်။ ဒါဟာ ပယ်နယ်တီလား၊ ပယ်နယ်တီမဟုတ်ဘူးလားဆိုတာ ကျွန်တော် အားလုံးမသိပါဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ဘယ်သူမှ မသိပါဘူး။ ဒိုင်လူကြီးအကြီးအကဲတွေကိုပဲ မေးပါ။ မနက်ဖြန်မှာ ကျွန်တော် UEFA အစည်းအဝေးပွဲတက်ရောက်ဖို့ရှိပြီး ဒီအကြောင်း ဆွေးနွေးဖို့ရှိပါတယ်။ ကျွန်တော် ဘာပြောနိုင်မှာလဲ။ ဒီအရာက အသင်းအတွက်တော့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ ထိပ်တန်းအဆင့်ကို ရောက်လာတာပါ။ လီဗာပူးလ်လို မဟုတ်ပါဘူး။ လီဗာပူးလ်ကတော့ ဒီအဆင့်မှာ နှစ် ၃၀၊ ၄၀၊ ၅၀ ဒါမှမဟုတ် နှစ် ၆၀ လောက်ရှိနေပါပြီ။ ကျွန်တော်တို့က အသစ်ပါ။ အဖွဲ့အစည်းက ကျွန်တော်တို့အသင်းကို ကူညီသင့်သလို၊ ဒီအတွေ့အကြုံတွေကလည်း အကူအညီပေးပါလိမ့်မယ်။ ဘောလုံးပွဲတွေက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အတွက်ဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဒိုင်လူကြီးနဲ့ ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကိုမေးပါ။ သူတို့က ကျွန်တော်တို့ထက် ပိုသိပါတယ်'' ဟု ဂွါဒီယိုလာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ယင်းပွဲအပြီးတွင် ဒိုင်လူကြီး အိုလီဗာထံ သွားရောက်စကားပြောခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြောဆိုမှုများကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက လီဗာပူးလ်နှင့်ပွဲမှ အသင်း၏ကစားဟန်နှင့် ကစားသမား၏စွမ်းဆောင်ရည်ကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 


READ NEXT
Cancel OK